ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ၏ ဒုတိယ တာဝန်ခံ ကိုအောင်ဆွေဦး အပါအဝင် ၃ဦးအမှုကို ယမန်နေ့ ဧပြီလ ၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
(၁၈)ကြိမ်မြောက် ရုံးချိန်း၌ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်း နှင့် ABSDF အကျိုးဆောင်ရှေ့နေ ဦးတင်လှိုင် တို့ နှစ်ဖက် လျှောက်လဲချက် တင်ခဲ့သည်။
“ဒီအမှုက အခြားအလားတူအမှုတွေ ထက်စာရင် မဆိုးပါဘူး မြန်ပါတယ်။ ၄လ အတွင်းပြီးသွားတာဆိုတော့ တစ်ချို့အမှုတွေဆိုရင် ၈လ၊ ၁ နှစ်လောက်ကြာတယ်” ဟု အကျိုးဆောင် ရှေ့နေဦးတင်လှိုင် က KNG ကချင်သတင်းဌာန ကို ယခုလို ပြောခဲ့သည်။
သြင်္ကန်မရောက်မီ ဧပြီ ၁၁ ရက်နေ့၌ အပြီးသတ်အမိန့်ချမည်ဖြစ်ပြီး “အခြေအနေမဆိုးဘူးလို့တော့ထင်ပေမယ့် ဒီဂရီမချခင်တိတိကျကျ မပြောနိုင်သေးဘူး” လို့ ၎င်းက ဆက်ဆိုသည်။
ရုံးချိန်း၌ ABSDF ရဲဘော်ဟောင်းများ၊ ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့ပေါ်မှ စိတ်ဝင်စားသူတွေ လာရောက် ဝန်းရံခဲ့ကြသည်။
ကိုအောင်ဆွေဦး အပါအဝင် ABSDF အဖွဲ့ဝင် ၃ ဦးကို ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်ညက မိုးညှင်းမြို့ခံ ရဲဘော်တစ်ဦးရဲ့ နာရေးကို လာရောက်စဉ် အဖမ်းခံရခြင်း ဖြစ်ပါသည်။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ကို ကျူးလွန်သည် ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၂လ နှင့် ငွေဒဏ် ကျပ် ၃ သိန်း ချမှတ်နိုင်သည်။







