ချင်းပြည်နယ် အစိုးရနှင့် တာဝန်ရှိ သူများ သိစေရန်

ချင်းပြည်နယ် အစိုးရနှင့် တာဝန်ရှိ သူများ သိစေရန်
by -
ခိုနူမ်းထုန်
အစိုးရသစ်သက်တမ်းသည် ၁ နှစ်ဘက် နီးကပ်လာနေပြီဖြစ်သည်။ ချင်းပြည်နယ်အစိုးရ အနေဖြင့် ပြည်သူလူထု အတွက်များစွာကြိုးစားသည်ဟု သိရသည့်အတွက် များစွာကြိုဆိုပါသည်။ ချင်းပြည်နယ် မြို့ အသီးသီးသို့ ခြေဆန့်ခရီးပြုလေ့လာကြသည်ဟုလည်း သိရသည့်အတွက် ဂုဏ်ယူမိပါသည်။ မိမိသည် ပြည်သူတစ်ဦး အနေ ဖြင့်သော်လည်းကောင်း ၊ မဲဆန္ဒရှင်တစ်ဦးအနေဖြင့်သော်လည်းကောင်း ၊ ပြည်သူ့ခံစားချက်အမှန် ကိုဒေ သခံ ပြည်သူ တစ်ဦးအနေဖြင့် ကန်ပက်လက်မြို့နယ်အခြေနေကို အခြေပြုလျက် အကျဉ်းမျှဖော်ပြလိုပါသည်။ မိမိသည် ထိုအချက်များကို သက်ဆိုင်သူများ ၊ မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များကို ယနေအထိနားစွင့်စောင့်ကြည့်ပြီး မည်သူမျှ ပြည်သူလူထုအတွက် အမှန်တကယ်ဖော်ပြထောက်ပြမှုမရှိသည့်အတွက် ယခုကဲ့သို့ထောက်ပြ ရခြင်းဖြစ်သည်။

၁။ ယခင်အစိုးရကာလအတွင်း မပြီးမြောက်သည့် စီမံကိန်းများအတွက်အစိုးရသစ်မှာ ဖြေရှင်းရန်။

လက်ရှိချင်းပြည်အစိုးရသည် ခက်ခဲသည့်အခြေနေမှ အစပြုရသည်မှာ နားလည်ပါသည်။ ယခင်အစိုးရကာလတွင် မပြီးမြောက် သည့်စီမံကိန်းအရှုပ်အထွေးများစွာ ကျန်ရှိသည်မှာ မှန်သော်လည်း အခက်အခဲ အကျပ်အတည်းများကို ကျော်တက်သွား ရမည့်ကိစ္စတော့ဖြင့်မဟုတ်ပေ။ အကောင်းဆုံးမှာ ပြည်သူနစ်နာမှုအနည်းဆုံး လမ်းကြောင်း မှ ဖြေရှင်းရေးသည်သာ အစိုးရ၏တာဝန်ဟု မိမိနားလည်ပါသည်။ မိမိလက်လှမ်းမှီသည့် စီမံကိန်း (၂)ခု အကြောင်း အကျဉ်းဖော်ပြမည်။

(က) ခါရိုင်းကျေးရွာ အထက်တန်းကျောင်း ဆောက်လုပ်ခြင်း ၊ ခါရိုင်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးသည်မှာ သုံးနှစ်လေး နှစ်ခန့်ရှိပြီဖြစ်သော် လည်း ယနေ့ထိ အထက် တန်းကျောင်းမရှိချေ။ အထက်တန်းကျောင်းခွဲချပေးသည့်အတွက် ကျောင်းဆောင်ကိုလည်း စီမံကိန်းအတွင်းထည့်တွင်းထားခဲ့သည်ဟုသိရသော်လည်း ယနေ့အထိ ရုပ်ပျက်ဆင်းပျက် တဝက်တပျက် ကျန်ရစ်နေသည်။ စုံစမ်းစစ်ဆေးကြည့်မှ စီမံကိန်း တရားဝင်ပြန်လည်ရုပ်သိမ်းပြီးသားဖြစ်ကြောင်း ၊ ချင်းပြည်နယ် အစိုးရကို ချပေးခဲ့သည့် ငွေကြေးကိုပါပြန်လည်အပ်နှင်းထားပြီးသားဖြစ်ကြောင်း သိရသည်။ သို့သော်လည်းယနေ့ထိ မည်သည့် အသံမျှပြန်လည်မကြားရတော့ဟု ရွာသူ ရွာသားများထံမှသိရသည်။ ကျောင်းဆောင်မရှိ ။ ဆရာမလုံလောက်သည့်အတွက် (၁၀) တန်းပင် ဖွင့်လှစ်ခြင်းမရှိဟု သိရသည်။

(ခ) ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးသည် လမ်းပမ်းဆက်သွယ်ရေး ပေါ်တွင်များစွာ ပတ်သက်နေသည်မှာအားလုံးအသိပင်ဖြစ်သည်။ ယခုနှစ်သည် ချင်းပြည်နယ်အစိုးရသစ်မှ တင်ဒါများခေါ်ယူပြီး လမ်းပမ်းဆက်သွယ်ရေးအလေးပေးခဲ့သည်မှာ ကြိုဆိုရမည်ဖြစ်သည်။ သို့သော်လည်း တင်ဒါမချသေးမှီ လမ်းကြောင်းများကို အစိုးရကိုယ် တိုင်ကွင်းဆင်းလေ့လာပြီး ၊ အစိုးရအင်ဂျင်နီယာများမှ မည်မျှကုန်ကျမည် ၊ မည်သို့ဆုံးဖြတ်သင့်သည်များကို သိနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် မိမိအနေဖြင့်ထိုသို့ဆိုပါသနည်း။

ချင်းပြည်နယ်အစိုးရမှ ကန်ပက်လက် မြို့နယ် မကြားစုရပ် ၊ ခါရိုင်းကျေးရွာ ၊ ခါနန်း ကျေးရွာအထိ မြေစာဖယ် တင်ဒါခေါ်ယူခဲ့သည်။ ခါရိုင်းကျေးရွာ နှင့် ခါနန်းကျေးရွာကြားတွင် မြေစာဖယ်ဟူသည့်အသုံးအနှုန်ုးသည် ဖြစ်နိုင်သော်လည်း ဆိုခဲ့ပါ မကြားစုရပ် မှ ခါရိုင်းကျေးရွာ ကြား (ခန့်မှန်း ၁၅ မိုင်) မုန်းချောင်း ဟိုဘက်ဒီဘက် ခက်ခဲလှသည့် လမ်းကြောင်းသည် လုံးဝ တူးဖော်ထားခြင်း မရှိသေးသော်လည်း မြေစာဖယ်ဟုတင်ဒါခေါ်ယူခဲ့သည်။ အူကြောင်းလမ်းပင် မရှာရသေး သည့်ထိုနယ်မြေကိုမည် သို့ မြေစာဖယ်မည်နည်း ။ ကုမ္ပဏီသည် မည့်သည့်နည်းဖြင့်မျှ အရှံုးခံတူးပေးမည် မဟုတ်သည့်အတွက် စက်ကြီးကို ရသည့်နည်းဖြင့်လှိမ့်မည်ဟုသာ ယုံကြည်ရသည်။ ထို့ကြောင့် ဒေသခံများသည် မည်သို့လုပ်ဆောင်ရမည်ဟု စိုးရိမ်နေကြရသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် ဦးစွာလေ့လာသင့်ပါသည်။ ယခင်က တူးပြီးသားဟု စရင်းဝင်ခဲ့မိပါကလည်း တာဝန်ရှိသူများကို ဖိအားပေးပြန်လည်ပြင်ဆင်ခိုင်းရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဒေသခံများသည် မြေစာပင်များအဖြစ် ဆက်လက်ရှိနေရအုံး မည်သာဖြစ် သည်။ ကန်ပက်လက်လွှတ်တော်ကိုယ်စားလှယ်များ ၊ စည်ပင်ကော်မတီများ အနေဖြင့် လေ့လာ ၍ပြန်လည်သင့်ပြသင့့် ပါကြောင်း ဖော်ပြ လိုပါသည်။

၂။ ချင်းပြည်နယ်တွင် ခရီးသွားလာရေးဖြင့် ဝင်ငွေရရှိရန် ရည်ရွယ်ချက်

ချင်းပြည်နယ်အစိုးရ အနေဖြင့် ခရီးသွားလုပ်ငန်းများ ၊ လမ်းကြောင်းသစ်များရှာဖွေရေး လုပ်ဆောင်မှုများသည် မိမိတို့ချင်းပြည်နယ်အတွက် အထူးအရေးကြီးလုပ်ငန်းဖြစ်သည့်အတွက် များစွာကြိုဆိုမိပါသည်။ ထို့အပြင် CBT ဒေသ အခြပြုခရီးသွားလာရေး လုပ်ငန်းများလုပ်ဆောင်ခြင်းများသည် များစွာအထောက်အကူပြုမည့် မှန်ကန်သည့်ရွေးချယ်မှုများဟု ရှုမြင်မိပါသည်။ ဦးဆောင်သည့် တာဝန်ရှိများကိုပါ ကျေးဇူးတင်ရှိပါသည်။ ဤနေရာတွင် မိမိအနေဖြင့် စိုးရိမ်ထောက်ပြလိုသည့်အချက် များရှိသည်။

ခရီးသွားလုပ်ငန်းများတွင်ကျယ်လာစေရန်အတွက် အခြေခံအဆောက်အုံဟုခေါ်သည့် (Infrastructure) သည်အထူး အရေးအကြီးသည်။ ကားလမ်းများအဆင် ပြေချောမွေ့ခြင်း ၊ မြို့တွင်းလမ်းများ ၊ လျှပ်စစ်မီးများ ၊ ဆက်သွယ်ရေးများကိုပါ တစ်ဆက်တည်းဦးစားပေးလုပ် ကိုင်နိုင်မှ ခရီးသွားများစိတ်ဝင်စားမှုရှိမည်ဖြစ်သည်။ ဖော်ပြပါအချက်များသည် အမှန်တကယ် ညံ့ဖျင်းသည့် အဆင့်မှာသာရှိနေသေးသည့်အတွက် ရင်းနှီးမြှုပ်နှံမည့်သူများအတွက်သော်လည်းကောင်း ၊ ခရီးသွားများအတွက်ပါ အခက်အခဲဖြစ်နေသေးသည်။

ချင်းပြည်နယ်တွင် ကန်ပက်လက်မြို့နယ်သည် ဟိုတယ်အများဆုံးတည်ရှိသည့် မြို့ဖြစ်ပါသည်။ သို့သော်လည်း မြို့မလမ်းဟု ဆိုရမည့်လမ်းပင် ကားတစ်စီးသာဆန့်သည့် အခြေနေ နှင့် ကတ္တရာတဝက်လမ်းပင်ဖြစ်နေသည်။ ယနေ့အထိဖုန်းလိုင်း ၊ အင်တာနက်မရရှိခြင်းသည်လည်း ဝမ်းနည်းဖွယ်တွေ့နေရသည်။ လျှပ်စစ်ဝန်ကြီးစကား ကိုပြန်လည်ကောက်နှုတ်ရပါက နိုဝင်ဘာလကုန် (၂၀၁၆) တွင် ဖုန်း ၊ မီး အားလုံးရမည်ဟုဆိုခဲ့သည်။ ဖြစ်နိုင်ချေရာခိုင်နှုုန်း မှိ်န်မှိန် လေးမျှသာကျန်တော့ သည့်အနေအထားဖြစ်သည်။ ကန်ပက်လက်မြို့နယ်တွင် ခရီးသွား ဧည့်သည်များရောက်ရှိလာသည့် အချိန်ရောက်ရှိပါကလည်း အကျိုးအမြတ်သည် ဒေသခံများလက်မှ ဝေးကွာနေရဦးမည်သာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ကန်ပက်လက်မြို့ရှိ ဟိုတယ်မြေနေရာများသည် ခန့်မှန်း ဧက (၈၀) ခန့် ရှိမည်ဟုသိရသော်လည်း ဒေသခံချင်းလူမျိုးများသည် ဟိုတယ် တစ်လုံးမျှပင်ပိုင်ဆိုင် ခြင်းမရှိပေ။

ထိုကြောင့် ဒေသခံများအနေဖြင့် ယခင်အစိုးရခတ်ကာလအတွင်း ဟိုတယ်ပိုင်ရှင်များရရှိထားသည့် အခြေနေများ ကို ဒေသခံများ မည်သည့်အရာမှမသိရဘဲ အစိုးရအနေဖြင့် လက်ရှိပိုင်ဆိုင်နေသည့် ပိုင်ရှင်များကို အသိအမှတ်ပြု အပ်နှင်းတော့မည်လော့။ မိမိအနေဖြင့် ထိုမြေနေရာများကို ပွင့်လင်းမြင်သာ အစာကြေစွာဖြင့် ဒေသခံများ ၊ အစိုးရ ၊ ဟိုတယ်ပိုင်ရှင်များ အားလုံး သဘောတူညီထားသင့်သည်။ ထိုမှသာ ခရီးသွားလုပ် ငန်းသည်လည်း ပိုမိုထိရောက်လာမည်ဖြစ်သည်။ ယင်းကဲ့သို့အဖြစ်မကြံုစေရန် အခြားသောမြို့များတွင် သတိ ထားလုပ်ကိုင်ရမည်သာဖြစ်သည်။

ဖော်ပြပါအချက်များသည် လက်လှမ်းမှီနိုင်သည့် ဥပမာများမျှသာဖြစ်ပြီး လက်လှမ်းမမှီသည့် အချက်အလက်အဖြစ်အပျက် များစွာရှိနေမည်ဟု ယူဆမိပါသည်။ ထို့ကြောင့် ပြည်သူများ ၊ သက်ဆိုင်ရာဌာနများ ၊ စည်ပင်အဖွဲ့ဝင်များ ၊ ရွေးကောက်ခံကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ်အစိုးတို့ သိရှိရန် အပြုသဘောဖြင့် ဖော်ပြထောက်ပြရခြင်းဖြစ်ပါသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...