အဆိုပါ ဖိုရမ်ကို အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက် (မြန်မာ) က ဦးစီးပြီး ကျင်းပခြင်းဖြစ်ကာ စစ်တွေမြို့တွင် မေ ၈ ရက် နှင့် ၉ ရက်၊ မန္တလေးမြို့တွင် မေ ၉ ရက် နှင့် ၁၀ ရက်များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖိုရမ်များ ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီး အဖွဲ့အစည်းများ ကွန်ယက် (မြန်မာ) ၏ ပဲ့ကိုင် ကော်မတီဝင် ဒေါ်ခင်လေးက “ဒီသက်တမ်းပေါ့ ဒီမိုကရေစီ အကူးအပြောင်းမှာ ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလားဆိုတာ ရွေးကောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်နိုင်မှု တိုင်းပြည်ရဲ့ အပြောင်းအလဲကို အများကြီး အဓိပ္ပာယ် ဖော်ဆောင်ပေးနိုင်တဲ့ အတွက် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီးတယ်။ အမျိုးသမီးတွေက ရိုးရိုးပါရုံတင်မကဘူး ဦးဆောင်တဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ပါဝင်ဖို့ လိုတယ်ဆိုတဲ့ မတ်ဆေ့ချ်ကို ပေးနိုင်ဖို့အတွက် ဒီ women ဖိုရမ်မှာ ပေးလုပ်တယ်” ဟု မန္တလေးဖိုရမ်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်နှစ်ခုလုံးတွင် ရွေးကောက်ပွဲစနစ်များအကြောင်းကို ဆွေးနွေးသွားပြီး မဲပေးမှုနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးမှုများ၊ ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြံုဖလှယ်မှု၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါ၀င်မှု အမျိုးသမီးနှင့် ဥပဒေအကြောင်းအရာ စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
အမျိုးသမီးနှင့် ရွေးကောက်ပွဲအကြောင်းအရာများကို ဖိုရမ်များတွင် အဓိက ဆွေးနွေးခဲ့သည့်အတွက် အကျိုးကျေးဇူးများ ရရှိသည်ဟုလည်း ဖိုရမ်တက်ရောက်သူ အမျိုးသမီးများက ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေး ဖိုရမ်များအပြင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကိုလည်း သီးသန့်သင်တန်းပေးမှုများ ပြုလုပ်ပေးသွားရန် စီစဉ်ထားသည်ဟုလည်း အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက် (မြန်မာ) ၏ နာယကဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်က စစ်တွေတွင် ကျင်းပသည့် ဖိုရမ်တွင် ပြောဆိုသည်။
၎င်းက “ဧရာဝတီတိုင်းမှာလေ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို သီးသန့်ရွေးချယ်ပြီးတော့ သင်တန်းပေးသွားဖို့ရှိတယ် ပါတီစုံပေါ့နော် ပေးသွားဖို့ရှိတယ်” ဟု ဆိုသည်။
အဆိုပါ ဖိုရမ်များသို့ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် များ၊ ဒေသခံ အမျိုးသမီး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
ယခုကဲ့သို့ ဖိုရမ်များကို မေလ ၁၃ ရက်နှင့် ၁၄ ရက်တွင် ချင်းပြည်နယ် တီးတိန်မြို့တွင် ပြုလုပ်သွားခဲ့ပြီး ကချင်ပြည်နယ်
မြစ်ကြီးနားမြို့တွင်လည်း လာမည့် ဇွန်လအတွင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။







