မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာတွင် ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်း ၆ နာရီကျော် အချိန်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့လက်နက်ပစ်ခတ်မှုကြောင့် အောက်သားကန်ကျေးရွာမှ ၁ ဦးသေဆုံးကာ ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ဆေးကုသမှုခံယူနေရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတည်ပြုသည်။
“အောက်သားကန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးသေတယ်၊ လောလောဆယ်မှာ အလောင်းကိုတောင် ကောက်လို့ မရသေးဘူးလို့သိရတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ မစံပမယ်၊ အသက် (၃၀)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ၄ ဦးတို့မှာ ဦးလှတင်အောင် ၃၈ နှစ်၊ ဦးဝင်ကျော်သိန်း ၃၃ နှစ်၊ ဒေါ်မစိုးသန်း ၄၀ နှစ်နှင့် မပေါက်စမ ၂၅ နှစ်တို့ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် ရွာသား ၄ ဦးမှာ မြောက်ဦးဆေးရုံတွင် တစ်ဦးနှင့် တိမ်ညိုဆေးရုံတွင် ၃ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာကိုတော့ ကျွန်တော်မသိသေးဘူး။ ဒီနေ့ ၆ နာရီ ခွဲခန့်မှာ လက်နက်ကြီး၊ငယ်ပစ်သံတွေကိုတာ့ ကြားရတယ်။ အခုထိ အဲဒီကျေးရွာကလူတွေကို ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။
အောက်သားကန်ကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ကျေးရွာ သားများအားဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပဲ ပစ်ခတ်မှုဖြစ်စဉ်အား DMG မှ ဆက်လက်စုံစမ်းနေဆဲသာဖြစ်သည်။







