မွန်ပြည်နယ်သြင်္ကန်ကာလအတွင်း လင်းယုန်စီမံချက် ရပ်နားမည်မဟုတ်

မွန်ပြည်နယ်သြင်္ကန်ကာလအတွင်း လင်းယုန်စီမံချက် ရပ်နားမည်မဟုတ်
စည်းကမ်းပျက်မော်တော်ဆိုင်ကယ်နှင့် လင်းယုန်စီမံချက်(Mon State Police Office)
စည်းကမ်းပျက်မော်တော်ဆိုင်ကယ်နှင့် လင်းယုန်စီမံချက်(Mon State Police Office)

မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ကို သြင်္ကန်ကာလအတွင်း ရပ်နားမည်မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

“စီမံချက် ဒီအတိုင်းပဲ ဆက်သွားနေမှာပဲ၊ စည်းကမ်းရှိရှိနဲ့ နံပါတ်ပြားတပ်မယ်၊ ဦးထုတ်ဆောင်းမယ်၊ သြင်္ကန်လည်မယ် ဒါကပြဿနာမရှိဘူး၊ ကိုယ့်အရှိန်လေးနဲ့ ကိုယ့်ဟာကိုထိန်းနိုင်တဲ့အနေအထား ရှိဖို့လိုတယ်၊ မူးယစ်သောက်စားတဲ့ ပုံစံမျိုးနဲ့ကျတော့လည်း လက်ခံလို့မရဘူး၊ သူတို့အန္တရာယ်ဖြစ်တဲ့အပြင် ဒီအတိုင်းလမ်းလျှောက်လည်ပတ်သွားလာနေတဲ့သူအပေါ်မှာလည်း အန္တရာယ်ကသွားကျရောက်မယ်၊ ကိုယ်တစ်ဦးထဲဖြစ်သွားတာကစပြီး သူများအပေါ်မှာဖြစ်သွားတဲ့အနေအထားကို လက်ခံလို့မရပါ” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

စီမံချက်သက်တမ်း တစ်လခန့်ကျန်ရှိနေသေးသည့် လင်းယုန်စီမံချက်ကို ပြန်လည်သုံးသပ်၍ နောက်ထပ်စီမံချက်အသစ်တစ်ခု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းက “အရက်သေစာ မူးယစ်သုံးစွဲပြီး မောင်းနေတဲ့လူတွေ၊ တခုခုသုံးစွဲပြီး မောင်းနေတဲ့လူတွေ ဒါတွေအားလုံးကို စီမံချက်ရဲ့နောက်ဆုံးလမှာ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားပါ့မယ်၊ သိမ်းဆည်းတဲ့အပိုင်းထိ ရောက်လာမယ်၊ With out ဖြစ်ရင် မော်တော်ယာဉ်အက်ဥပဒေနဲ့ အရေးယူခံသွားမယ့်အနေအထားထိ တရားစွဲဆိုတင်ပို့သွားမယ်” ဟု ဆိုသည်။

ယခုအခါ စည်းကမ်းပျက်ယာဉ်များကို နေ့ပိုင်းတွင်ဖမ်းဆီးအရေးယူပြီး ညပိုင်းတွင် ပညာပေးအနေဖြင့် ဆောင်ရွက်နေသော်လည်း လာမည့်စီမံချက်နောက်ဆုံးကာလ၌ ညပိုင်းများတွင်လည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်။

ထိုသို့ ဖမ်းဆီးအရေးယူမှုတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်မဆောင်းပါက ငွေကျပ် ၃ သောင်း၊ ဦးထုပ်နှင့် နံပါတ်ပြား မပါရှိပါက ငွေကျပ် ၅ သောင်း ဒဏ်ငွေပေးဆောင်ရသည်ဟု ဖမ်းဆီးခံရသူများထံမှ သိရသည်။  

လင်းယုန်စီမံချက်စတင်ခဲ့သည့် ပထမတစ်လအတွင်း စည်းကမ်းပျက်ယာဉ်အမှုပေါင်း ၃၀၀၀ ကျော်အရေးယူခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၈ ဦးရှိသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...