ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလကစပြီး ကလေးခရိုင်အုပ်ချုပ်ရေးအဖွဲ့ နှင့် တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေး ဂိုဏ်း ပေါင်းစုံမှ ကိုယ်စားလှယ်တို့အကြား တွေ့ဆုံဆွေးနွေးမှု (၆) ကြိမ်တိတိပြုလုပ်ခဲ့ပြီးဖြစ်သော် လည်း တောင်ဖီလာ သုသာန်မြေပိုင်ဆိုင်မှု အငြင်းပွားမှုသည် ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
ယင်းအငြင်းပွားမှုပြသနာသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လက တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေးအသင်းပေါင်း စုံမှ ရှေး ယခင်ကတည်းက အသုံးပြုလာခဲ့ကြသော သုသာန်မြေကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိမ်းပိုက် လိုက်ပြီးနောက် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥကဌ ဦးမောင်ထူး၏ အဆိုအရ အသုံးပြုခြင်းမရှိတော့သော ယင်းတောင်ဖီလာသုသာန်မြေနေရာ တွင် တိုင်းရင်းဆေးခရိုင်ဦးစီးဌာနမှူးရုံး၊ (၂၅)ကုတင်ဆံ့တိုင်းရင်းဆေးရုံတည်ဆောက်ရန် မြေဧက (၃.၀၃) လျာထားသည်ဟု သိရပြီး ကျန်းမာရေး ၀န်ကြီးဌာနမှလည်း ယင်းအတွက် ကျပ်ငွေ (၂၁၄၂၇၂၀၀၀) ချထားပြီဟု သိရသည်။
ဒေသခံခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ၎င်းတို့ဒေသတွင် တိုင်းရင်းဆေးရုံတည်ဆောက်မည့် အစိုးရအစီစဉ်ကိုကန့်ကွက်ခြင်း မရှိကြသော်လည်း မိမိတို့ဘိုးဘွားပိုင် သုသာန်မြေပေါ်တွင် ၎င်းတို့သဘောထားဆန္ဒမပါဘဲ တည်ဆောက်မည့် အစီစဉ်ကိုမူ ဆန့်ကျင်ကြကြောင်း သုသာန်မြေအနီး ၀န်းကျင်ရှိ မြေလွတ်နေရာများတွင်သာ တည်ဆောက်ကြရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
တောင်ဖီလာသုသာန်မြေကို တောင်ဖီလာရွာတည်ထားသူမှ ဘာသာရေးသဂြိုင်းမြေအဖြစ် အသုံးပြုရန် လှူးဒါန်းထား သည့်မြေဖြစ်ပြီး ၁၉၇၀ ခုနှစ်က ပုံစုံ ၁၀၅ (က)အရ တရားဝင်သတ်မှတ်ထားသောဘာသာရေးသင်္ချိုင်းမြေဖြစ် သည်ဟုသိရသည်။
မြေကွက် (၃.၀၃) ဧက ခန့်ရှိသော အဆိုပါ သုသာန်မြေကို တောင်ဖီလာရပ်ကွက်ရှိ ဂိုဏ်ပေါင်းစုံခရစ်ယာန် (AG အသင်းတော် နှင့် For Square အသင်းတော်) ၊ နှစ်ခြင်းခရစ် ယာန်၊ အာရ်စီအသင်းတော်တို့မှ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ကလေးမြို့စည်ပင်သာယာရေး အဖွဲ့မှ ကလေးမြို့နယ်အတွက် အသုံးပြုရန် သုသာန်မြေ သီးသန့်ထားရှိပြီးသည့်နောက်ပိုင်း ကစ၍ အဆိုပါ တောင်ဖီလာ သုသာန်မြေကို ဒေသခံများက အသုံးပြုခြင်းမရှိတော့ပဲ ဘိုးဘွားများပိုင်ဆိုင်ခဲ့ သည့်သုသာန်မြေဖြစ်သောကြောင့် နဂိုအတိုင်း ထားရှိကာ အများပြည်သူအကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံ စသည်များကို အစားထိုး ပြန်လည် အသုံးပြုရန် စီစဉ်ထားဟု တောင်ဖီလာ၊ ခရစ်ယာန်သာသာရေးပေါင်းစုံမှ အတွင်းရေး မှူးဦးဗန်ကီးက ပြောသည်။
“တောင်ဖီလာသုသာန်မြေဟာ ၁၉ရဝ ခုနှစ်ကတည်းက တရားဝင်သတ်မှတ်လိုက်တဲ့ ဘာသာရေးသင်ဂြိုင်းမြေ (Land Record 105(က) ဖြစ်တယ်၊ ဒီချိန်မှာ သုသာန်အတွက် အသုံးမပြုတော့ပေမယ့် အခြားနည်းလမ်းတွေ၊ အသုံးပြုဖို့ စီစဉ်ထားပါတယ်” ဟု သူကပြောသည်။ သို့သော်လည်း ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကမူ အဆိုပါတောင်ဖီလာသင်္ချိူင်းမြေ သည် တရားဥပဒေကြောင်းအရ စည်ပင်ပိုင်မြေဖြစ်သည်ဟုဆိုပြန်သည်။
ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိဦးရဲမွန်က “ဘာသာရေးသုသာန်မြေ ၁၀၅(A)က ယခု အခါ အသက်မဝင် တော့ဘူး။ အရင်တုန်းက သူတို့က ၀ယ်ယူပြီးပိုင်ခဲ့တယ် မှန်တယ်။ အဲဒီမှာ မြေကိုသုသာန်အဖြစ် သုံးလိုက်တဲ့အတွက် ဥပဒေအရ စည်ပင် ကနေကြီးကြပ်လိုက်တယ်။ ဒါ့ကြောင့် အဲဒီအဆင့်က မပိုင်ဆိုင်တော့ဘူး”ဟု ပြောသည်။
“သူတို့ကတော့ ဘိုးဘွားပိုင်မြေဆိုပြီး အထောက်အထားနဲ့ပြောထားပါတယ်။ ဒါပေမယ့် သုသာန်မြေဖြစ်လာခဲ့ပြီးတဲ့နောက်မှာ စည်ပင်ကနေဘဲ ကြီးကြပ်ကွက်ကဲတယ်၊ စီမံခန့်ခွဲတယ်။ မြို့လူတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့ လူနေအိမ်ကြားရောက်လာခဲ့ တယ် အတွက်ကြောင့် ဒီသုသာန်က အသုံးပြုရန် မသင့်တော်တော့ဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ ဖျတ်သိမ်းလိုက်တယ်”ဟု ဒုတိယညွှန်ကြားရေးမှူးအဆင့် လည်းဖြစ်သူ ဦးရဲမွန်က ဆက်ပြောသည်။
တောင်ဖီလာခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံကမူ ၎င်းတို့သုသာန်မြေကို ရှေးယခင်ကတည်းက မိမိတို့ဘာ သာ ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြောင်း၊ စည်ပင်အနေဖြင့် တစ်စုံတရာ ပါ၀င်ပတ်သက်မှုမရှိဘဲ ယခုချိန်ကျမှအထက်မိန့်အရ ဟုဆိုကာ ပိတ်သိမ်းလာခြင်းသည် လက်ခံ နိုင်စရာမရှိကြောင်း ပြောဆိုသည်။
တောင်ဖီလာ ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံအဖွဲ့ဥက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာဟရန်မှုန်က “ကျနော်တို့ က ဘိုးဘွားပိုင် သင်္ချိူင်းကိုအသုံးပြုလာတဲ့အခါမှာ စည်ပင်ရဲ့အခန်းကဏ္ဍဟာခုထိမပါလာခဲ့ဘူး။ ၂၀၁၄ မတ်လမှာ ပိတ်သိမ်းခိုင်းတဲ့ အချိန်မှာပဲ စည်ပင်ကဏ္ဍ ဟာ ပေါ်လာတယ်၊ ဒီသင်္ချိူင်းမြေဆိုတာက ခေတ်အဆက်ဆက်ကတည်းက အသင်းတော်တွေကပဲ
ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ ခုမှ စည်ပင်တွေ ပိတ်သိမ်းခိုင်းတယ်ဆိုတော့ ခုလိုဒီမိုကရေစီ ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အထက်အမိန့်နဲ့လုပ်လာတာကို ကျနော်တို့က ကာကွယ် ရခြင်းဖြစ်တယ်’’ ဟုပြောသည်။
ဘာသာရေးသုသာန်မြေ ပုံစံ ၁၀၅ သည် အသက်မဝင်တော့ကြောင်း စည်ပင်သာယာရေးဖက်မှ ပြောဆိုနေသော် လည်း မြန်မာနိုင်ငံ မြေစာရင်း ဗဟိုဌာနသို့ သွားရောက်စုံစမ်းရာတွင် ယင်းပုံစံ ၁၀၅ (က) သည် သာသာနာပိုင်မြေဖြစ်သောကြောင့် သိမ်းပိုက် ခွင့်မရှိကြောင်း ကြားသိရသည်ဟု ၎င်းကပြောသည်။
“ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးကြပြီးတော့ ဒီသုသာန်မြေဟာ အစိုးရပိုင်ဖြစ်တယ်ဆိုရင်တော့ ကျနော်တို့အနေ နဲ့ ဘာမှပြော စရာမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ဒီက ဒေသခံအာဏာပိုင်တွေအနေနဲ့စောင့်စေချင်ပါ တယ်၊ အဲလိုမဟုတ်ပဲ အတင်း အဓမ္မလုပ်လာရင်တော့ ကျနော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ရမှာပဲ’’ ဟု ဒေါက်တာ ဟရန်မှုန်ကပြောသည်။
ယခုသုသာန်မြေအငြင်းပွားမှုပြသာနကို ပြည်ထောင်စုလွှတ်တော်သို့ ဆွေးနွေးရန် ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံအဖွဲ့ကိုယ်စားလှယ် များက နေပြည်တော် သို့ ရောက်ရှိနေကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လွှတ်တော်၏ ဆွေးနွေးဆုံးဖြတ်ချက် ကို စောင့်ဆိုင်းစေချင်ကြောင်း အသင်းဝင်ဒေါ်သန်းသန်းဌေးက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံအဖွဲ့မှ ယခုလ ၁၈ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားကြသော်လည်း စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း နှင့် သက်ဆိုင်ရာအဖွဲ့ကိုယ်စားလှယ်များ၏ ညှိနှိုင်းတောင်းဆို မှုကြောင့် ဆန္ဒပြ မည့်အစီစဉ်ကို ဆိုင်းငံ့ထားကြသည်ဟုသိရသည်။





