မြောက်ဦးမြို့တွင် မတ်လ ၁၈ ရက်နေ့၊ညနေပိုင်းက ပစ်ခတ်ဖြစ်ပွားသောကြေင့် အရပ်သား ၈ ဦးအထိ ဒဏ်ရာ ရရှိသွားကာ နေအိမ် တစ်အိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး အဆောက်အဦးတစ်ချို့ကို ကျည်ထိမှန်သွားသည်။
မြောက်ဦးမြို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်ဘက်က ပစ် ခတ်ခဲ့ခြင်းဟု မြို့ခံများက စွပ်စွဲကြသည်။
“မနေ့က အစိုးရဖက်ကတော့ ရမ်းပြီး ပစ်တာကြောင့် ရွာသားတွေကြောက်လှန်ပြီးတော့ ထွက်းပြေးနေရတယ်။ ရွာမှာဆို တစ်ညလုံးကိုမအိပ်ရဘူး။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေရပါတယ်။ စစ်တပ်က ရမ်းပစ်တာ ကြောင့် အကုန်လုံးဝပ်နေကြရတယ်။ တိုက်ပွဲကတော့ နှစ်ဦးနှစ်ဖက်ဖြစ်တာမဟုတ်ဘူး။ ရမ်းသမ်းပြီးတော့ပစ် တယ်။ အစိုးရစစ်တပ်က ဘယ်တပ်ကပစ်လဲဆိုတာတော့ အတိအကျမမြင်လိုက်ဘူး” ဟု အမည်မဖော်လိုသည့် ရွာဟောင်း တောဒေသခံတစ်ဦးက ပြောသည်။(သူ၏ လုံခြုံရေးကြောင့် အမည်မဖော်ပြရန်တောင်းဆိုထားသဖြင့် အမည်မဖော်ပြကြခြင်း ဖြစ်သည်။ )
ယင်းနေ့က နေ့လည်ပိုင်းတွင် တပ်မတော်ဘက်က ကား (၈)စီးခန့်က မြောက်ဦးမြို့ထဲကို ဝင်လာပြီးနောက် ထမ္မရာဇ်ရပ်ကွက်မှ စတင်ပစ်ခတ်ခြင်းဟု မြောက်ဦးလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ ည၇နာရီကျော်လောက်က စစ်ကား၁၃စီးလောက်ရှိတယ်။ မြောက်ဦးမြို့ထဲကို ဝင်လာတာကနေစပြီး ထမ္မရာဇ် ရပ်ကွက်က နေစပြီးပစ်သွားတာ။ အလယ်ဈေး တံတားနားထိကို တရစပ် ပစ်သွားတယ်။ လမ်နားက အိမ်တိုင်း မှာလဲ ကျည်စထိတာတွေရှိတယ်။လက်နက်ငယ်တွေပါ လက်နက်ကြီးတွေနဲ့ပါ ပစ်တယ်။ ဆင်ချဆိပ်ဘက်ကနေကားနဲ့သေနတ်ပစ်ပြီး ဝင်လာတယ်” ဟု၎င်းကပြောသည်။
ထိုသို့ ပစ်ခတ်မှုမှာ တပ်မတော်လက်ချက်ဟု ဒေသခံများ၏ စွပ်စွဲချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပယ်ချလိုက်ပြီး AA ဘက်က ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းဟု ဆိုသည်။
ညနေ ၈ နာရီခန့်တွင် မြောက်ဦးရှိ တပ်ရင်း ဌာနချုပ်တစ်ခုကို ရက္ခိုင့်တပ်မတော်(AA)က မြို့ရိုးဖက်၊ ရွာဟောင်း တောကျေးရွာနှင့် စသည့်နေရာတို့မှ ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရခြင်းဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
“ ကျနော်တို့ဌာနချုပ်ကို အေအေသောင်းကျန်သူအဖွဲ့က လာပစ်တာကြောင့် အပြင်ကလုံခြုံရေး လုပ်နေတဲ့အဖွဲ့တွေ ရှိတာကြောင့် အဲဒီလမ်းလုံခြုံရေးလုပ်တဲ့တပ်ဖွဲ့ဝင်တွေက မြို့ထဲကို ဝင်လာ တယ်။ ဝင်လာတဲ့အခါမှာလည်း မြို့အဝင်မှာအိမ်ကြိုအိမ်ကြားတွေက ပစ်တယ်။ ရှေးဟောင်း သာသနာ့ နယ်မြေတွေကလည်း ပစ်တယ်။ လမ်းကွေ့တွေကလည်းပစ်တယ်။ ပစ်တယ်အတွက်အကြောင့်မို ကျနော်တို့ဖက်က ပြန်လည်ပစ်ခတ်ရတာတွေရှိတယ်။ ကျနော်တို့က သီးခြားအကြောင်းမဲ့ပစ်တာလုံးဝမရှိဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် တပ်မတော်ဘက် စွပ်စွဲသကဲ့သို့ လုံးဝမဟုတ်ကြောင်း ရက္ခိုင့်တပ်မတော်(AA) ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက တုန့်ပြန်သည်။
“ ကျနော်တို့ဖက်က အဲလိုသူတို့ပြောသလို့ လုံးဝမရှိဘူး။ နယ်ဖက်တွေမှာ တိုက်ပွဲတွေရှိတာမှာ သူတို့ဖက်က အကျအဆုံးများတာကြောင့် လူမျိုးရေးအရ အမုန်းပွားအောင် ကျနော်တို့ပြည်သူတွေကို သတ်သတ် လာသတ်တာ။ ဒုက္ခပေးတာ ”ဟု ၎င်းကပြောသည်။
တပ်မတော်အနေဖြင့် မြောက်ဦးမြို့နှင့်ကျေးရွာများရှိ ဒေသခံများနှင့် စေတီပုထိုးများအား ဆက်တိုက်ဦးတည် တိုက်ခိုက်နေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထား သည်။







