တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့ရန် မူဝါဒချမှတ်ထားဟု ပြည်သူ့ပါတီ ဆို

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့ရန် မူဝါဒချမှတ်ထားဟု ပြည်သူ့ပါတီ ဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီအနေဖြင့်  တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့ရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။

တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာဖြစ်သောကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့လိုခြင်းဖြစ်သည်ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“ကျွန်တော်တို့ အယူအဆက တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ အားကောင်းလာဖို့လိုတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေ ပိုပြီးတော့ ရလာဖို့လိုတယ်။ အဲသလို ဆောင်ရွက်ခြင်းဟာ တိုင်းရင်းသား တန်းတူညီမျှရေးအတွက်ရော ငြိမ်းချမ်းရေးအတွက်ရော အထောက်အကူဖြစ်မယ်လို့ ကျွန်တော်တို့က ဒါကို လေးလေးနက်နက် ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသားပါတီများနှင့် မဟာမိတ်လုပ်ရာတွင် မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဦးစွာလုပ်ဆောင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်စုဖွဲ့မှုများ ဆက်လက်ဆောင်ရွက်၍ ရွေးကောက်ပွဲအလွန်တွင်လည်း လွှတ်တော်တွင်း မဟာမိတ်စုဖွဲ့မှုနှင့် အကြောင်းအရာလိုက် ပူးပေါင်းမှုများ ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

သို့ရာတွင် ပြည်မပါတီများအနေဖြင့် မဟာမိတ်ဖွဲ့မည့်ကိစ္စကို လာရောက်ဆွေးနွေးခြင်း မရှိသေးကြောင်း၊ တိုင်းရင်းသား တစ်ပါတီချင်းထက် တိုင်းရင်းသားပါတီများ စုစည်းထားပြီးသားဖြစ်သည့် UNA နှင့် NBF တို့ကဲ့သို့သော မဟာမိတ်များနှင့် ပူးပေါင်းခြင်းက ပိုမိုထိရောက်မည်ဟု ပါတီနာမည်မှတ်ပုံတင် တင်ထားဆဲဖြစ်သည့် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ဆိုသည်။

၎င်းက “တိုင်းရင်းသားတွေက သူတို့ရဲ့ ဘဝတူ မဟာမိတ်တွေ ဖွဲ့စည်းထားပြီးသားပဲ။ ပြည်မပါတီတွေအနေနှင့် တိုင်းရင်းသားတွေနှင့် မဟာမိတ်ပြုမယ်ဆိုတဲ့ သဘောထားရှိမယ်ဆိုရင် အဲဒီ UNA နဲ့ပဲ မဟာမိတ်ပြုသင့်တယ်။ UNA နဲ့ မဟာမိတ်ပြုလိုက်ခြင်းဖြင့် UNA ထဲမှာသော်လည်းကောင်း NBF နဲ့ မဟာမိတ်ဖွဲ့ခြင်းဖြင့် NBF ထဲမှာသော်လည်းကောင်း ပါပြီးသားအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖြစ်ပြီးသား ဖြစ်သွားပါလိမ့်မယ်” ဟု ပြောသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တွင် တိုင်းရင်းသားပါတီ ၁၅ ခုပါဝင်ပြီး ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) တွင် တိုင်းရင်းသားပါတီ ၂၂ ခုပါဝင်သည်။

အလားတူ မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့မည့်မူဝါဒရှိကြောင်း မီဒီယာများမှတဆင့် ပြောကြားထားပြီး ဖြစ်သည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...