ရန်ကုန်ကွင်းပတ် အလွတ်တန်းစက်ဘီးပြိုင်ပွဲတွင် ကရင်လူငယ် စောအယ်ခူး ဒုတိယဆု ရရှိ

ရန်ကုန်ကွင်းပတ် အလွတ်တန်းစက်ဘီးပြိုင်ပွဲတွင် ကရင်လူငယ် စောအယ်ခူး ဒုတိယဆု ရရှိ

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ရန်ကုန်ကွင်းပတ်(2019 Yangon Criterium Bike Race) အလွတ်တန်းစက်ဘီးပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်း၌ မတ် ၁၆ ရက်နေ့ နံနက်ပိုင်း တွင်ကျင်းပခဲ့ပြီး လက်ရွေးစင်စက်ဘီး အားကစားသမား အသက် ၂၀ နှစ်အရွယ် ကရင်လူငယ် စောအယ်ခူးက ဒုတိယဆု ရရှိ သွားသည်။

နိုင်ငံလက်ရွေးစင်အဆင့် အလွတ်တန်း ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သူ စောအယ်ခူးက ” အခုလိုဆုရလို့ ဝမ်းသာ တယ်။ ကျနော်အများကြီး လေ့ကျင့်ခဲ့တယ်။ ကရင်လူငယ်တွေကိုလည်း စက်ဘီးစီးစေချင်တယ်။ ပြိုင်စေ ချင်တယ်။ အခုနောက်ပိုင်းက နည်းလာတယ်။ ကျနော်တို့ လက်တွဲခေါ်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်မြို့တွင် ကွင်းပတ်စက်ဘီး ပြိုင်ပွဲပုံစံကို ပထမဦးဆုံးအကြိမ် မိတ်ဆက် ကျင်းပခြင်းဖြစ်ပြီး စက်ဘီးအားကစားကို အများပြည်သူ ပိုမိုသတိထား မိလာအောင် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ ကွင်းပတ် စက်ဘီးပြိုင်ပွဲသည် သတ်မှတ်ထားသည့်မြို့တွင်း လမ်းကြောင်းတွင် တစ်ပတ်ပြီး တစ်ပတ် စီးနင်းယှဉ်ပြိုင်ရခြင်းဖြစ်ကာ ယနေ့ပြိုင်ပွဲတွင် ပြည်လမ်းနှင့် အင်းယားလမ်းကြားရှိ တက္ကသိုလ်ရိပ်သာလမ်းကို အလွတ်တန်းပြိုင်ပွဲတွင် အပတ်ရေ ၃၀ (ကီလိုမီတာ ၃၀) ကျော် စီးနင်းယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် လက်ရွေးစင်အဆင့် အလွတ်တန်းပြိုင်ပွဲ၊ တောင်တတ်စက်ဘီး (မောင်းတိန်း) ဝါသနာရှင်အဆင့် အသက် ၁၉ နှစ် အောက်ပြိုင်ပွဲ၊ ၁၉ နှစ်မှ ၂၅ နှစ်ထိပြိုင်ပွဲ၊ အသက် ၂၅ နှစ်မှ ၄၀ နှစ်ထိပြိုင်ပွဲ၊ အသက် ၄၀ အထက်ပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည်။

နိုင်ငံလက်ရွေးစင် စက်ဘီးအားကစားသမား စောအယ်ခူးသည် အင်းစိန်မြို့နယ်၊ တောင်သူကုန်း ရပ်ကွက်တွင် နေထိုင်သူ တဦးဖြစ်ကာ အသက် ၁၃ နှစ်အရွယ်တွင် စက်ဘီး အားကစားကို စတင်လေ့ကျင့်ခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် မြန်မာတနိုင်ငံလုံး လက်ရွေးစင်အဆင့် တောင်တက်စက်ဘီး (မောင်းတိန်) ပြိုင်ပွဲ တွင် ပထမဆု ရရှိခဲ့ပြီးလက်ရွေးစင်အဆင့် အားကစားသမားတဦးဖြစ်ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သော အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုကို ပြိုင်ပွဲဝင်နံပါတ် အမှတ်စဉ် ၇၀ အောင်ဖြိုးပိုင်၊ ဒုတိယ ဆုကို ပြိုင်ပွဲဝင် အမှတ်စဉ် ၁၃၀ စောအယ်ခူး၊ တတိယဆုကို ပြိုင်ပွဲဝင်အမှတ် စဉ် ၁၂၃ ညီညီအောင်တို့ က အသီးသီးရရှိခဲ့ပြီး ကျန်ပြိုင်ပွဲများကိုမူ ယခု သတင်းရေးသားချိန်တွင် ဆက်ကျင်းလျက်ရှိသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...