နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) သည် ဇန်နဝါရီလ ဒုတိယပတ်က စတင်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၏ မြောက်ဘက်တွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးခွင့်ကို ငြင်းပယ်ခံခဲ့ရပြီး ကျေးလက်နေ ပြည်သူလူထုမှာ ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သလောက် လက်လှမ်းမီ မရှိနိုင်ဖြစ်နေသည်ဟု MSF က ယနေ့ (မတ်လ ၁၅ ရက်) ထုတ်ပြန်လိုက်သည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်မှုများစွာ ဖြစ်ပွားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဖွံ့ဖြိုးရေးအကူအညီများအပေါ် ကန့်သတ်ချက်အသစ်များသည် ပုံမှန်ပေးအပ်နေကျ ကျန်းမာရေး စောင့်ရှောက်မှုများကို အနှောင့်အယှက်ဖြစ်စေပြီး ပဋိပက္ခဖြစ်ပွားရာဒေသရှိ အားနည်းပြီး ခုခံနိုင်စွမ်းမရှိသော ပြည်သူလူထုကို ပိုမိုအားနည်းစေသည်ဟု MSF က ဆိုသည်။
“MSF အဖွဲ့သည် အာဏာပိုင်တွေက ချမှတ်လိုက်တဲ့ ကန့်သတ်ချက်အသစ်တွေကြောင့် လက်ဝဲမြန်ကျေးရွာမှာ နယ်လှည့်ဆေးခန်းကို မဖွင့်နိုင်တာဟာ ၂ လရှိပြီဖြစ်ပါတယ်” ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခင်က MSF ၏ ဆေးကုသရေးအဖွဲ့များသည် တစ်လတွင် ပျဉ်းမျှအားဖြင့် ဆေးကုသမှုပေါင်း ၄၄၈ ကြိမ်ခန့် ပြုလုပ်ပေးခဲ့ပြီး ယခုအခါ အချို့လူနာများသည် ပုဏ္ဏားကျွန်းတွင်ရှိသော MSF အဖွဲ့၏ အခြားဆေးခန်းတွင် ဆေးကုသမှုခံယူရန် ခရီးရှည်သွားလာနေ၍ ငွေကုန်ကြေးကျများပြီး ၎င်းတို့၏ ကျန်းမာရေးအတွက် အန္တရာယ် ရှိစေနိုင်သည့် အလားအလာလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုတို့ကို သွားရောက် ကူညီပေးရေးနှင့်ပတ်သက်ပြီး ကန့်သတ်ထားမှုကြောင့် အနည်းဆုံး လူဦးရေ ၉၅၀၀၀ တို့ ဆိုးရွားသည့် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာ အခြေအနေပေါ်တွင် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးများ ၊ ကနေဒါ နှင့် နော်ေ၀ သံရုံးတို့က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက စတင်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်တို့တွင် ခရီးသွားလာခွင့်နှင့် ကူညီရေးလုပ်ငန်း ဆောင်ရွက်ခွင့်တို့ကို လုံခြုံရေးအကြောင်းပြပြီး ပြည်နယ်အစိုးရက ကန့်သတ်ထားသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်သောင်းကျော်အထိ ရှိလာပြီဖြစ်၍ စားနပ်ရိက္ခာများ၊ အဝတ်အထည် စသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ လိုအပ်လျက်ရှိသည်။







