တိုက်ပွဲပြင်းထန်နေမှုကြောင့် ရှင်ပြုပွဲကို တိတ်ဆိတ်စွာပြုလုပ်ခဲ့ရ

တိုက်ပွဲပြင်းထန်နေမှုကြောင့် ရှင်ပြုပွဲကို တိတ်ဆိတ်စွာပြုလုပ်ခဲ့ရ

ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၇ ရက် ကြာနေပြီဖြစ်ကာ ပြီးခဲ့သည့်နေ့က ဂျက်တိုက်လေယာဉ်များဖြင့်ပါ တစ်ညလုံး ပစ်ခတ်နေသည့်အတွက် လမ်းပိုက်ခွင်ကျေးရွာမှ ရှင်ပြုပွဲအစီအစဉ် ပျက်ကာ တိတ်ဆိတ်စွာ ပြုလုပ်ခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းအေးက DMG ကိုပြောသည်။

“ညဦးကနေ တိုက်ပွဲဖြစ်နေတော့ ရှင်ပြုပွဲမှာ လူတစ်ယောက်မှ မကျန်တော့ဘူး။ တိုက်လေယာဉ်ပေါ်ကနေ ကိုယ့်အိမ်ကို ပစ်နေသလို ခံစားရတယ်။ မိုးလင်းတာနဲ့ ရွာသားတွေက ဘေးလွတ်မယ့် နီးစပ်ရာဆွေမျိုးရှိတဲ့ တခြားရွာတွေကို ထွက်ပြေးကြပြီ။ ရှင်လောင်းလည်း မလှည့်လိုက်ရဘူး။ မနက်စောစော ကြောက်လန့်ကာ တိတ်တိတ်လေး ဆံချပြီး မဏ္ဍာပ်ကိုလည်း ဖြိုဖျက်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

၎င်းရှင်ပြုပွဲကို မတ်လ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ထားသော်လည်း ပစ်ခတ်မှုများ အဆက်မပြတ် ရှိနေသောကြောင့် ဒေသခံများမှာ ကြောက်လန့်ပြီး ရှင်ပြုပွဲသို့ လာရောက်မည့်သူ မရှိတော့ကြောင်းလည်း ဆိုသည်။

“ပွဲပျက်သွားတယ်ဆိုတာ မနေ့က ညကနေ ဒီနေ့အထိ လူတွေတစ်ယောက်မှ ရှင်ပြုပွဲကို မရောက်တော့ဘူး။ ရွာသားတွေကို ခေါ်လို့လည်း မရတော့ဘူး။ ရွာပေါ်ကနေ လေယာဉ်က တစ်ညလုံးဝဲနေတာ။ အဲဒီမှာ လူတွေက ကြောက်လန့်ပြီးတော့ ပွဲကိုမလာတော့ဘူး။ စားဖွယ်သောက်ဖွယ်တွေလည်း အဲဒီအတိုင်းပဲ ဖရိုဖရဲဖြစ်ခဲ့တာ။ ပွဲရှင်တွေကလည်း မျက်ရည်ဝဲကာ ငိုနေကြတယ်” ဟု ဦးမောင်ဝင်းအေးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၎င်းရွာမှာ ၁ မိုင်ကျော်ခန့်သာ ဝေးကွာပြီး တိုက်လေယာဉ်များဖြင့် ယနေ့ချိန်ထိ ဆက်တိုက်ပစ်ခတ်မှုများ ရှိနေသည်ဟု ကျေးရွာသားများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးနားမှ ဗုဒ္ဓေါ၊ ချောင်းတူ၊ ဒေးဝန်း၊ မော်ရွာ၊ လမ်းပိုက်ခွင်၊ မီးရပ်ပြင် စသောကျေးရွာများမှ ဒေသခံအများအပြားမှာလည်း ကြောက်လန့်ကာ တခြားကျေးရွာများသို့ ထွက်ပြေးနေကြောင်း ဒေသခံများထံမှ သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...