ရသေ့တောင်မြို့နယ်တွင် အုတ်ဖိုရဲကင်းစခန်းမှ ညောင်ချောင်းနယ်မြေရုံးသို့ သွားသည့် ရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၀ ရက်နေ့၊ညနေ ၆ နာရီကျော်ခန့်က ရက္ခိုင့်တပ်မတော်(AA)က တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာရရှိပြီး ရေနှင့်အတူ မျောပါသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အုတ်ဖိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ စက်လှေဖြင့် သွားလာစဉ် မေယုမြစ်နှင့်ကာဒီချောင်းဆုံရာ အနီးအရောက် မျက်နှာချင်းဆိုင်ဘက်မှ စက်လှေအကြီး တစ်စင်းဖြင့် ရောက်ရှိလာသည့် ရက္ခိုင့်တပ်မတော်(AA) က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်၍ ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေအားအရှိန်ဖြင့် ဝင်တိုက်သဖြင့် လှေနစ်မြုပ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေထဲမျော ပါသွားပြီး လက်နက်ငယ် သုံးလက် နစ်မြုပ်ပါရှိ သွားသည်ဟု ထုတ်ပြန်ချက်မှာ ပါရှိသည်။
“ပစ်ခတ်မှုကတော့ နာရီဝက်လောက်ဖြစ်ခဲ့တယ်။ ညောင်ချောင်စခန်းက ဝိုင်းပစ်တော့မှ ဆုတ်ပြေး သွားကြတယ်။ ရေထဲမျောသွားတဲ့သူကို အခုထိရှာမရသေးဘူး”ဟု ညောင်ချောင်းစခန်းက အရာရှိတစ်ဦးက ပြောသည်။
ကျန်သည့် ရဲတပ်ဖွဲ့ဝင်များမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ကမ်းကပ်နိုင်ခဲ့ကြောင်းနှင့် ရေထဲမျှောပါသွား သူကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း ညောင်ချောင်းရဲစခန်းက သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လတ်တလော မသိသေး ကြောင်း ရက္ခိုင့်တပ်မတော်(AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဆိုသည်။
မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာရှိ ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော်က ဝင်ရောက် တိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၉) ဦးကျသွားပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားကာ လက်နက်အချို့ကို ပါသွားသည်။
ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများရှိ ရဲကင်းစခန်းအချို့ကို ဖျက်သိမ်းပြီး တခြားရဲစခန်း များနှင့်ပူးပေါင်းခဲ့သည်။လမ်းတွင် တိုက်ခိုက်ခံရသော အုတ်ဖိုရဲကင်းစခန်းက တပ်ဖွဲ့ဝင်များလည်း ညောင်ချောင်း စခန်းနှင့်ပူးပေါင်းရန် လာရောက်ခြင်းဖြစ်ပြီး လက်ရှိတွင် ညောင်ချောင်းရဲစခန်းနှင့် ဘူသီးတောင်မြို့နယ် ၊ကျောက်စာ တိုင် ကင်းစခန်းလည်း ပူးပေါင်းထားသည်။







