PC - PPST ချင်းမိုင်အလွတ်သဘောဆွေးနွေးပွဲ အလွန်တိုးတက်မှုရှိဟု ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ်ဆို

PC - PPST ချင်းမိုင်အလွတ်သဘောဆွေးနွေးပွဲ အလွန်တိုးတက်မှုရှိဟု ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ်ဆို
PC - PPST ချင်းမိုင်အလွတ်သဘောဆွေးနွေးပွဲ(Hla Maung Shwe)
PC - PPST ချင်းမိုင်အလွတ်သဘောဆွေးနွေးပွဲ(Hla Maung Shwe)

လက်ရှိတစ်ဆို့လျက်ရှိသော မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက် မတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST တို့ အလွတ်သဘောဆွေးနွေးပွဲ အလွန်တိုးတက်မှုရှိကြောင်း ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောသည်။

“ဒါကတော့ ဆုံးဖြတ်ချက်ရှိတဲ့အစည်းအဝေးမဟုတ်ဘူးလေ၊ ယုံကြည်မှုတည်ဆောက်တဲ့ အစည်းအဝေးဖြစ်တယ်၊ ကျနော်တို့ အခေါက်ခေါက်လာတဲ့အထဲမှာတော့ ဒီတစ်ပတ်ကတော့ တော်တော်တိုးတက်မှုရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုဆက်လုပ်မလဲဆိုတာမျိုး UPDJC မှာဆွေးနွေး၊ UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) မှာဆွေးနွေး၊ ပြီးရင် UPC မှာဆုံးဖြတ်ချက်ချ၊ Post 2020 မှာမပြီးရင် လွှတ်တော်တင် အတည်ပြုပြီးရင် ဒါတွေက ဘာတွေရှိသေးလည်းလို့မေးတော့ ဒီ ၃ ခုလုံးက သူတို့စိတ်ပူတာဖြည်လို့ရတဲ့အတွက် ဒီဆွေးနွေးပွဲတွေက ယုံကြည်မှုကို ပြန်ရတဲ့သဘောပေါ့ဗျာ” ဟု ဦးလှမောင်ရွှေက မွန်သတင်းအေဂျင်စီကို ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော NCA အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားလှယ်များနှင့်  ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ၃ နာရီကြာခန့် ဆွေးနွေးခဲ့ကြရာတွင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တပ်မတော်မှတံခါးဖွင့်ထားကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပြီးပြတ်သေးသဖြင့် ၂၀၂၀ ခုနှစ်တွင် လက်နက် ဇွတ်အတင်းဖြုတ်သိမ်းမည့်ကိစ္စအတွက် EAO များ စိုးရိမ်ပူပန်စရာမလိုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC တွင် သဘောတူဆုံးဖြတ်ချက်ချမှတ်ပြီး လွှတ်တော်၌အတည်ပြုသွားရန်ဖြစ်ကြောင်း စသည့်အချက် ၃ ချက်ပါဝင်သည်ဟု ဆွေးနွေးပွဲတက်ရောက်သူများမှတဆင့် သိရသည်။   

ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက“ကျနော်တို့ဘက်ကတော့ သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်တို့နဲ့ ရှင်းရှင်းလင်းလင်းပြန်မေးဖို့ လိုပါတယ်၊ ၂၀၂၀ မှာတကယ်အဆုံးသတ်သွားမှာလား၊ ၂၀၂၀ ပြီးရင်ရော မဆက်တော့ဘူးလား၊ SSR-DDR ကိစ္စတွေ မဆွေးနွေးတော့ဘူးလား၊ လုံခြုံရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲတွေလည်း ကျနော်တို့ ဘယ်တော့ ဘယ်လိုလုပ်ကြမှာလဲ၊ ပြည်ထောင်စုတပ်မတော်ကိစ္စကော ဆွေးနွေးဖို့အစီအစဉ် ဘယ်လိုရှိသလဲ၊ ကျနော်တို့ ဖက်ဒရယ်ကိုချီတက်မယ်လို့ ကျနော်တို့ ပြောထားပေမယ့် အမှန်တကယ်ကျနော်တို့ ရှိနေတာက နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုဆွေးနွေးရမယ်ဆိုတာ Frame Work သာရှိတယ်၊ ဖက်ဒရယ်တစ်ခုလုံးကို သွားရမယ့်  Frame Work မရှိဘူးဖြစ်နေတယ်” ဟု ဆိုသည်။

ထို့အတူအနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် အဓိကလိုအပ်နေသည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းပြမြေပုံတစ်ရပ် ချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ၊ တပ်မတော် တာဝန်ရှိသူများအပြင် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူတကွညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPST က မတ်လ ၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူကြီး စိုင်းငင်းက “ EAO တွေရဲ့ Summit က ကျနော်တို့ သက်သက်ခေါ်ရမယ့်အနေအထားရှိတယ်၊ မေလလောက်မှ ခေါ်မယ်ဆိုတော့ ကျနော်ထင်တယ် တရားဝင်အစည်းအဝေးတွေ သွားမယ့်အခါကျတော့ အဲဒီအစည်းအဝေး (Summit) ပြီးမှာပဲ တဆင့်ပြီးတဆင့်တော့ ကျနော်တို့သွားမှာဖြစ်ပါတယ်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းပြမြေပုံ အဲလိုမျိုးကျတော့ ကျနော်တို့ ၁၀ ဖွဲ့ကြားထဲမှာလည်း သေသေချာချာ အကြေအလည်ညှိနှိုင်း ဆွေးနွေးဖို့လိုတယ်၊ အဲအတွက်လည်း အလုပ်အဖွဲ့က ဖွဲ့စည်းထားပြီးသားဖြစ်တယ်၊ တဖက်က တချိန်ထဲမှာပဲ NCA လက်မှတ်မရေးထိုးသေးတဲ့ ကျနော်တို့ရဲ့ ညီနောင်တွေ အသံတွေပါလာအောင် လုပ်ရမယ်ဆိုတော့ အချိန်နည်းနည်းယူရမယ်၊ ခုနပြောသလို ၂၁ ပင်လုံက မျှော်လင့်ချက်မရှိတော့ဘူးရယ်လို့ မဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ ယုံကြည်မှုများပြန်လည်တည်ဆောက်နိုင်ခဲ့သည့်အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ယနေ့မတ်လ ၁၁ ရက်နေ့တွင် တရားဝင်ဆွေးနွေးပွဲကျင်းပမည်ဖြစ်သလို တပ်မတော်ခေါင်းဆောင်များနှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း အလားတူ တရားဝင်ဆွေးနွေးသွားရန် စီစဉ်နေသည်ဟု ဦးလှမောင်ရွှေထံမှ သိရသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ်တွင် NCA အပစ်ရပ် ( ၁၀ ) ဖွဲ့ ကိုယ်စားလှယ်အဖွဲ့အပြင် KNU နှင့် NCA လက်မှတ်မရေးထိုးသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်များနှင့်လည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...