မွန်သံဃာတော် ၁၈၀၀ ပါးကျော် ရာမညဓမ္မာစရိယ မွန်ဘာသာစာမေးပွဲကြီးစတင်ဖြေဆို

မွန်သံဃာတော် ၁၈၀၀ ပါးကျော် ရာမညဓမ္မာစရိယ မွန်ဘာသာစာမေးပွဲကြီးစတင်ဖြေဆို
မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယ မွန်ဘာသာစာမေးပွဲကျင်းပစဉ်(ပဉ္စလိုင်)
မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယ မွန်ဘာသာစာမေးပွဲကျင်းပစဉ်(ပဉ္စလိုင်)

ရာမညနိကာယ ပရိယတ္တိအသင်းမှကြီးမှူး၍ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဗိမာန်တော်ကျောင်း၌ အနယ်နယ်အရပ်ရပ်မှ မွန်သံဃာတော် ၁၈၀၀ ပါးကျော်တို့က မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယ မွန်ဘာသာစာမေးပွဲကြီးကို ယနေ့တွင် စတင်ဖြေဆိုနေကြောင်း တွေ့ရှိရသည်။

၄ ရက်ကြာကျင်းပမည့် အဆိုပါ ရာမညနိကာယ ပရိယတ္တိစာမေးပွဲကြီးတွင် ပါဠိပါရဂူတန်း ၅ ပါး၊ သီရိပဝရတန်း ၂ ပါး၊ ဓမ္မာစရိယတန်း ၂၁၉ ပါး၊ မဟာတန်း ၁၉၅ ပါး၊ မဇ္ဇျိမတန်း ၂၈၆ ပါး၊ ခုဒ္ဒကတန်း ၃၉၉ ပါးနှင့် မူလတန်း ၇၂၅ ပါး စုစုပေါင်း ရဟန်းသာမဏေပေါင်း ၁၈၃၁ ပါး ဖြေဆိုလျက်ရှိကြောင်း ဦးစီးကျင်းပသူ ဆရာတော်များထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအသင်း အထွေထွေအတွင်းရေးမှူး ဘဒ္ဒန္တ စန္ဒောဘာသ က “ဦးနေဝင်းလက်ထက်မှာ သာသနာတော်သန့်ရှင်းတည်တန့်ပြန့်ပွားရေး “ဗမာစာတော်စေခြင်းငှာ” ဆိုပြီးတော့ လူတိုင်း ဗမာစာတတ်မြောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊  ဗမာဘုန်းကြီးတွေကအစ ပါဠိဘာသာနဲ့ဖြေဆိုခွင့်မရှိဘူး ဗမာစာပဲဖြေဆိုရမယ်၊ ထို့နည်းတူ မွန်သံဃာတွေလည်း မွန်ဘာသာနဲ့ ဖြေဆိုခွင့်မပြုဘူး ဗမာစာကိုပဲ ဖြေခိုင်းတယ်၊ ဒီတော့ မွန်သံဃာတော်တွေက အစိုးရစာမေးပွဲကိုသပိတ်မှောက်ခဲ့ပြီးတော့ မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအသင်းဖွဲ့စည်းခဲ့တယ်၊ အခုလိုနှစ်စဉ်နှစ်တိုင်း စာမေးပွဲကျင်းပခဲ့တာ ၃၇ ကြိမ်ရှိပါပြီ” ဟု မိန့်ကြားသည်။  

မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအသင်းလက်အောက်တွင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ၌ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၀၀၀ ကျော်ခန့်ရှိပြီး ယခင်အခါက မွန်တို့၏ ရာမညနိကာယဂိုဏ်းဟုလည်း ခေါ်ဆိုကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဆရာတော်က “ရာမညနိကာယလက်အောက်မှာ ပြည်တွင်းဘုန်းတော်ကြီးကျောင်း ၈၀၀ ဝန်းကျင်ကျော်ကျော်နဲ့  ထိုင်း၊ မလေးရှား၊ ကိုးရီးယား၊ အမေရိကန်နဲ့ ပြည်ပမှာရှိတဲ့ဘုန်းတော်ကြီးကျောင်း စုစုပေါင်း တစ်ထောင်ကျော်ရှိပါတယ်၊ ဒါပေမယ့် ခုလိုစာမေးပွဲလာဖြေတဲ့အခါ ဘုန်ကြီးကျောင်းပေါင်း တစ်ရာမပြည့်ပါဘူး” ဟု ဆိုသည်။

ရာမညနိကာယ မွန်ပရိတ္တိစာမေးပွဲကြီးကို နှစ်စဉ်တပေါင်းလတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ရာမညနိကာယဂိုဏ်းကို သာသနာသက္ကရာဇ် ၂၄၀၆ (ခရစ်သက္ကရာဇ် ၁၈၆၃) ခုနှစ်ခန့်တွင် ရာမညတိုင်း၊ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော်၌ သိက္ခာသစ်တင်၍ စတင်ဖွဲ့စည်းခဲ့သည်ဟု မွန်သမိုင်းမှတ်တမ်းများအရ သိရသည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...