မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှု၊ ရာထူးမှနုတ်ထွက်မှုများဖြစ်ပွားပြီးနောက် နေအိမ်များတွင် ရခိုင်ပြည်နယ်အလံကို လွှင့်ထူထားကြသည်။
အလံလွှင့်ထူခြင်းမှာ ယနေ့(မတ်လ ၃ ရက်)နေ့ နံနက်ပိုင်းကစတင်ခြင်းဖြစ်ပြီး ယင်းအချိန်က ရပ်ကွက်အချို့ တွင်သာ လွှင့်ထူခြင်းဖြစ်သော်လည်း ညနေပိုင်းတွင် တစ်မြို့လုံးနီးပါးလွှင့်ထူလာကြသည်ဟု ညောင်ပင်ဈေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
“ဘာကြောင့် လွှင့်ထူတယ်ဆိုတာကတော့ ပြောရခက်တယ်ဗျာ။ တစ်အိမ်က စပြီးလွှင့်တော့ အားလုံး လိုက်လုပ် ကြတဲ့သဘောပါ။ နေအိမ်ရှေ့ အိမ်ဦးဝမှာထောင်ထားကြတာပါ။ သပြေခက်တွေလည်း ပါပါတယ် ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အလံကို ယခင်က ယခုကဲ့သို့ လွှင့်ထူခြင်းမျိုးမရှိဘဲ ယခုမှသာ ဦးဆောင်သူမရှိဘဲ မိမိအသိ စိတ်ဖြင့် လွှင့်ထူကြခြင်းဟု မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးထံ DMG က ဆက်သွယ်ခဲ့ရာ အစည်းအဝေး ပြုလုပ်နေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
မကြာသေးခင်ရက်ပိုင်းကလည်း မြောက်ဦးမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ “ဗမာစစ်တပ် ရခိုင်ပြည်က ထွက်သွား” ဟု စကောများတီးပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။
မြောက်ဦးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးကို ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ထားသည်။ ယင်းကိစ္စကြောင့် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး(၉၀)ခန့် နုတ်ထွက်ခွင့်တင်ပြထားကြသည်။
သို့သော်လည်း နုတ်ထွက်စာများမှာ တရားမဝင်သောကြောင့် လတ်တလော နုတ်ထွက်ခွင့်မပေးသေးဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တုန့်ပြန်ထားသည်။







