မြောက်ဦးမြို့နယ်အတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ဖမ်းဆီးခံရမှုများရှိနေသောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး(၈၉)ဦးခန့် နုတ်ထွက်ရန် တင်ပြသော်လည်း တရားမဝင်ဟုဆိုကာ နုတ်ထွက်ခွင့် ပေးရန် အစီအစဉ် မရှိသေးဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးများမှာ နုတ်ထွက်စာတင်သည့်စာမှာ ဥပဒေနှင့်အညီ တစ်ဦးချင်း၊တစ်ယောက်ချင်း သဘောဆန္ဒဖြင့် တင်ပြသည့် စာမဟုတ်သောကြောင့် လတ်တလော နုတ်ထွက်ခွင့် ပေးမည့် အစီအစဉ် မရှိသေးဟု ဦးဌေးမောင်က ဆိုသည်။
“ရှင်းရှင်းပြောရရင် အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးနှစ်ပါးပါတယ်။ အဲဒါကနေပြီးတော့ လက်မှတ်ထိုး လက်မှတ်ထိုး ဆိုပြီးတော့ ထိုးပြီးတော့ စုပေါင်းတင်လိုက်တဲ့ သဘောဖြစ်ပါတယ်။ တစ်ဦးချင်း၊တစ်ယောက်ချင်း သဘောဆန္ဒမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်က နုတ်ထွက်မည်ဆိုပါက တစ်ဦး၊တစ်ယောက်ချင်းက အမှန်တကယ် မည်သည့် ကိစ္စကြောင့် နုတ်ထွက်ကြောင်း တင်ပြလျှင် နည်းဥပဒေအရ နုတ်ထွက်ခွင့် ပေးမည်ဟု ဦးဌေး မောင်က ဆိုသည်။
“ကျနော်တို့ လုပ်ထုံး လုပ်နည်းနဲ့အညီ ထမ်းဆောင်လိုစိတ် မရှိတော့ဘူး။ မထမ်းဆောင်နိုင်ဘူးဆိုရင် သူတို့ တရားဝင် နုတ်ထွက်စာတင်ခွင့်ပြုထားပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ပါမယ်ဆိုလို့ ရှိရင်လည်း နုတ်ထွက်ခွင့်ပေးထားပါတယ် ”ဟု ၎င်းကပြောသည်။
မြို့နယ်အချို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ မတရားအသင်းဆက်သွယ်မှုပုဒ်များဖြင့် ဖမ်းဆီးခံမှုများရှိ နေသောကြောင့် နောင်အခါတွင်လည်း အလားတူဖမ်းဆီးမှုများရှိလာမည်ဟု ယူဆကြောင်း၊ လုံခြုံမှု မရှိ ခြင်း၊ ကာကွယ်ပေးမည့် လူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်း(သို့)ဌာနများမရှိခြင်းနှင့် ပစ်မှတ်ထားခံလာရခြင်း စသည့် အချက်များကို တွေ့ရှိရသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ဆက်လက်ထမ်းဆောင်ရန် ဆန္ဒ မရှိတော့ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက မတ်လ ၁ ရက်နေ့က နုတ်ထွက်ကြောင်းတင်ပြခဲ့ကြသည်။
လက်ရှိတွင် မြောက်ဦးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး(၄)ဦးအား မတရားအသင်းအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်။







