တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်းအနီး ရေပြင်တွင် မတ်လ (၃)ရက်မှ မတ်လ (၁၈) ရက်နေ့အထိ လေ့ကျင့် ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DD မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲ ထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီးဖြစ်ပါသည်။
ထို့ကြောင့် လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်း ဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင် ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော် ပံျသန်းခြင်းမပြုကြရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတိပေးထားသည်။







