ကျောက်တော်မြို့နယ်၊ပြည်တော်သာရပ်ကွက်မှ အသက်(၁၇)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသား မောင်ဇော်နိုင်ဌေးမှာ ရိုက်နှက်ခံံရမှုကြောင့် စစ်တွေဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေသော်လည်း မသက်သာသောကြောင့် ရန်ကုန်သို့ ဆေးကုသမှုခံယူရန် ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)က ပို့ဆောင်လိုက်သည်။
၎င်းသည် ရိုက်နှက်ခံရမှုကြောင့် စိတ်ဂယောင်ချောက်ချားဖြစ်ကာ စကားမပြောနိုင်ဖြစ်ပြီး သတိရလိုက် မရလိုက်ဖြစ်နေသောကြောင်း ရန်ကုန်တွင် ကုသရန် ပြင်ဆင်ခြင်းဖြစ်သည်။
မောင်ဇော်နိုင်ဌေးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှာ လမ်းမတော်ခွဆုံရှိ ဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်ပြီး မိမိနေအိမ်သို့ ပြန်လာစဉ် ၃၇၅ တပ်ရင်းဂိတ်အရောက်တွင် တပ်မတော်သားများ၏ ဖမ်းဆီးမှုခံလိုက်ရခြင်းဖြစ်ပြီး တပ်မတော်သားတစ်ယောက်က သူ့ဦးခေါင်းကို သေနတ်ဖြင့် ထုထောင်းပြီး ကန်စောက်ကျေးရွာတောင်ခြေရင်းရှိ တပ်ရင်း ၅၃၉ သို့ ဖမ်းခေါ်သွားပြီး ယင်းနောက်တွင် ပြန်လွှတ်လိုက်သည် ဟု သူ၏ ဖခင် ဦးစိန်ရွှေဦးက ပြောသည်။
သို့သော်လည်း အဆိုပါကိစ္စမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း တပ်မတော်ဘက်က မီဒီယာများကို ပြောကြားထားသည်။







