ရက္ခိုင့်တပ်မတော်(AA)၏ သင်တန်း ကျောင်းဖွင့်လှစ်ရန် ရည်ရွယ်ထားသောလေ့ကျင့်ရေး စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်မတော်(AA)က ပယ်ချလိုက်သည်။
ကျောက်တော်နှင့်မြောက်ဦး ဆက်သွယ်ထားသော ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် AA အဖွဲ့မှ အင်အား (၁၀၀)ခန့်သည် လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန် အခြေခံနယ်မြေတည်ဆောက်ရန်ရောက်ရှိနေ ပြီး အများပြည်သူ အသုံးပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် အချက်တို့ကို ပြည်သူတစ်ချို့၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းက လုံခြုံရေးလုပ်ငန်းဆောင်ရွက်ခဲ့ သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
ထိုသို့ဆောင်ရွက်စဉ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားခဲ့သော AA အဖွဲ့ နောက်သို့ တပ်မတော်စစ်ကြောင်းများက အသေးစိတ်လိုက်လံရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် ထိတွေ့မှုဖြစ်ပွားခဲ့ကာ လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ခြင်းဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်မတော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ ဒီဟာက တပ်မတော်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သာဖြစ်တယ်။ သူတို့ပြောတဲ့နေရာမှာ ကျွန်တော်တို့ စစ်စခန်းတွေမရှိ။ သင်တန်းကျောင်း တွေတည် ဆောက် ထားတာ လုံးဝမရှိ” ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်အတွင်း တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံး၊ဒဏ်ရာရရှိခဲ့ပြီး AA အဖွဲ့ထံမှ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ လေ့ကျင့်ရေး အသုံးအဆောင်ပစ္စည်းများ၊ အရက်စည်ခုနစ်ပုံး၊ လမ်းလျှောက်စကား ပြောစက်အား သွင်းခုံများ၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကျူးပိုက်များ၊ ကော်ဘူးများ၊ ဝါးနင်းခလုတ်များ၊ ယမ်းစိမ်းပုံးများ၊ ဓာတ်မြေသြဇာများနှင့် တပ်မတော်အရာရှိ၊ စစ်သည် အဆင့်တံဆိပ်များ၊ AA လက်မောင်းတံဆိပ်များကို သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ခိုင်သုခက “သူတို့ဖော်ပြထားတဲ့ပစ္စည်းတွေက ကျွန်တော်တို့ပစ္စည်းတွေမဟုတ်။ ၁၉ ရက်နေ့ တိုက်ပွဲမှာ စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့ဘက်က ၃ ဦးကျဆုံးပြီး RPG တစ်လက်ဆုံးရှုံး တာတော့ရှိခဲ့တယ်။ ယခုသူတို့ပြထားတဲ့ ပစ္စည်းတွေက ဘယ်ကနေစုပြီးပြသ ထားတာကိုတော့ မသိပါ။ အဲဒီဟာတွေလည်း ကျွန်တော်တို့ ပစ္စည်းလည်းမဟုတ်ပါ ” ဟု ခိုင်သုခက တုန့်ပြန်သည်။
မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ကြား ကျောက်တော်၊မြောက်ဦး၊ပုဏ္ဏားကျွန်း၊ မောင်တော ၊ ဘူးသီးတောင်နှင့်ရသေ့တောင်တို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။







