စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် (၃) ဦးအား နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀) ဖြင့် စွဲဆိုထားသည့်အမှုအား မြို့နယ်တရားရုံးက ပလပ်ကြောင်း အမိန့်ချမှတ်လိုက်သည်။
မြို့နယ်ထွေအုပ်စာရေး ဦးမျိုးမင်းအောင်ကို နောက်ယောင်ခံ စောင့်ကြည့် ထောက်လှမ်းခြင်းဖြင့် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ပြည်နယ်အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းသူ တို့ကို နောက်ယောင်ခံ စောင့်ကြည့်ခြင်းတို့ကို အားပေးခြင်းတို့ဖြင့် လည်းကောင်း စစ်တွေမြို့မိ၊မြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေက တရားစွဲဆိုထားခြင်းဖြစ်သည်။ သို့သော် အထက်မှ အမိန့်တာဝန်ပေးချက်အရ အလုပ်လုပ်ရခြင်း ဖြစ်သည်ဟု ပေါ်ပေါက်သောကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပလပ်လိုက်ခြင်းဖြစ်သည်။
“မနေ့က ပလပ်တယ်ဆိုတဲ့ တရားသူကြီး အမိန့်မှာ ဘာပါလဲဆိုရင် မြို့နယ်အုပ်ရေးမှူး ဦးစိုးသက်ဆွေတို့၊ ထွေအုပ်ဝန်ထမ်းတို့ဆိုတာ အထက်မှ အမိန့်ပေးလို့ တာဝန်ပေးချက်အရ လုပ်ရတာဖြစ်တယ်လို့ ပြောတယ်” ဟု ဦးအောင်သန်းဝေက ပြောသည်။
ဦးအောင်သန်းဝေသည် နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရ၍ ထောင်ထဲတွင် အမှုရင်ဆိုင်နေစဉ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အဆိုပါ သုံးဦးကို မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုကို ပလပ်လိုက်သောကြောင့် မကျေနပ်သဖြင့် ခရိုင်တရားရုံးသို့ အမှုပြင်ဆင်ချက် လျှောက်ထားကာ တရားသူကြီးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဟု ဦးအောင်သန်းဝေက ဆိုသည်။
“ မြို့နယ်တရားသူကြီးက ချမှတ်တဲ့ အမိန့်ကို မကျေနပ်ရင် ခရိုင်ရုံးသို့ ပြင်ဆင်ချက် လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။ ကျနော်က ဒါကြောင့် ဥပဒေလမ်းကြောင်းအရ ပြင်ဆင်ချက်လျှောက်ထားမယ်။ နောက်တစ်ခုက ဥပဒေကို မျက်ကွယ်ပြုပြီး ဘက်လိုက်မှုလုပ်ခဲ့တဲ့ စစ်တွေမြို့နယ်တရားသူကြီး ဦးစိန်ကျော်ဖြူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံကို တင်ပြသွားမယ်” ဟု ၎င်းက ပြောသည်။
ဦးအောင်သန်းဝေမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးတင်မောင်ဆွေကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုခဲ့မှုကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နှင့် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်ခြင်းခံခဲ့ရပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တေ အကျဉ်းထောင်က လွတ်မြောက်လာသူလည်း ဖြစ်သည်။







