မွန်ပြည်နယ်တွင် အပန်းဖြေစခန်းသုံးခုနှင့် သဘာဝရေပူစခန်းတစ်ခု လုပ်ငန်းလိုင်စင်မကျသေးဘဲ ဖွင့်လှစ်ထား

မွန်ပြည်နယ်တွင် အပန်းဖြေစခန်းသုံးခုနှင့် သဘာဝရေပူစခန်းတစ်ခု လုပ်ငန်းလိုင်စင်မကျသေးဘဲ ဖွင့်လှစ်ထား
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း တို့ လွှတ်တော်တွင် မေးမြန်းဆွေးနွေးကြစဉ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း တို့ လွှတ်တော်တွင် မေးမြန်းဆွေးနွေးကြစဉ်

မွန်ပြည်နယ်တွင် အပန်းဖြေစခန်း သုံးခုနှင့် သဘာဝရေပူစခန်း တစ်ခု လုပ်ငန်းလိုင်စင် မကျသေးဘဲ ဖွင့်လှစ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကပြောသည်။

ဒေါက်တာမင်းကြည်ဝင်းက "သစ်တောဦးစီးဌာန မွန်ပြည်နယ်မှာ မှတ်ပုံတင်ပြီးတော့ ဆောင်ရွက်ဖို့အတွက်လျှောက်ထား ထားတဲ့ အပန်းဖြေစခန်း လေးခုက မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာအုပ်စု ကော့ခိုက်ကျေးရွာ Neo – More Myanmar Co.,Ltd အပန်းဖြေစခန်းနဲ့ ကလေးကစားကွင်း၊ မော်လမြိုင်မြို့အနီး မင်းရွာမှာရှိတဲ့ Water World Mawlamyine အပန်းဖြေစခန်း၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်မှာ ဒေါ်နန်းရိုစလင်း လျှောက်ထားတဲ့ အပန်းဖြေစခန်း နဲ့သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာမှာရှိတဲ့ 21 Paradise သဘာဝရေပူစခန်း တို့ဖြစ်ပါတယ်”ဟု  ဆိုသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က အထက်ပါ အပန်းဖြေစခန်းတို့သည် တည်ဆဲ ဥပဒေများအတိုင်း မှတ်ပုံတင်ဖွင့်လှစ်ထားခြင်းရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခြင်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အပန်းဖြေစခန်း သုံးခုနှင့် သဘာဝရေပူစခန်း တစ်ခုသည် လုပ်ငန်းလိုင်စင်လျှောက်ထားဆဲဖြစ်ကာ လုပ်ငန်းလိုင်စင် မကျသေးဘဲ ဖွင့်နေကြပြီး ပေါင်မြို့နယ်၊ မုတ္တမမြို့မှာရှိတဲ့ Family World ကစားကွင်းမှာလည်း လုပ်ငန်းလိုင်စင် လျှောက်ထားလာခြင်းမရှိဘဲ ဖွင့်လှစ်ထားကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

၎င်းက“သုံးကြိမ်မြောက်ထိ လုပ်ငန်းရှင်ကိုပြောမယ်၊ ပြောလိုမလုပ်ဘူးဆိုရင် ပြည်နယ်အစိုးရကိုတင်ပြပြီး တရားစွဲသွားမယ်၊ အခုလက်ရှိ လုပ်ငန်းရှင်တွေကို နှစ်ကြိမ် ပြောထားပြီးပြီ”ဟု ဆိုသည်။

အလားတူ ဆောင်နိုင်ကြီးအပန်းဖြေစခန်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင်လည်း ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မေခွန်းမေးမြန်းခဲ့ဖူးကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

၎င်းက “အပန်းဖြေစခန်းတွေဆိုရင်လည်း မွန်ပြည်နယ် အပန်းဖြေစခန်းများ၊ တိရစ္ဆာဥယျာဉ်၊ ရုပ်က္ခဗေဒဥယျာဉ် ဥပဒေအမှတ် ၄/၂၀၁၅ အရ အခန်း (၆) ပါပြဋ္ဌာန်းချက်အရ လိုင်စင်မရှိသေးပါဘူး။ Water World Mawlamyine တို့၊ 21 Paradise ရေပူအပန်းဖြေစခန်းဆိုရင် ဖွင့်လှစ်ထားတာ ကြာနေပြီး။ ဥပဒေလုပ်ထုံး၊ လုပ်နည်း ဆောင်ရွက်ချက်တွေအရ ဆောင်ရွက်ထားတာမရှိပါဘူး။ ဒီလုပ်ငန်းတွေဟာ ဥပဒေနဲ့အညီ ခွင့်ပြုချက်လိုင်စင်ရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်”ဟု ဆိုသည်။

မွန်ပြည်နယ် အပန်းဖြေစခန်းများ၊ တိရစ္ဆာဥယျာဉ်၊ ရုပ်က္ခဗေဒဥယျာဉ် ဥပဒေအမှတ် ၄/၂၀၁၅ အရ အခန်း (၆) တွင် ပြဋ္ဌာန်းချက်များအတိုင်း သစ်တောဦးစီးဌာန၊ မွန်ပြည်နယ်တွင် မှတ်ပုံတင်၍ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် အပန်းဖြေစခန်းများမှာ ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ်ကျေးရွာအုပ်စုရှိ ရွှေဇနကအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ လုပ်ဆောင်နေသည့် ဆောင်နိုင်ကြီး အပန်းဖြေဥယျာဉ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းဘေးရှိ စိမ်းလဲ့တင် အပန်းဖြေစခန်းနှင့် စိမ်းလဲ့တင် တိရစ္ဆာန်ဥယျာဉ် တို့ဖြစ်ကြောင်း သိရသည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...