ချင်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ ဦးအောင်သန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟို ကနေ တာဝန်မှရပ်နားခိုင်းသည့်အပေါ် မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် ကန့်ကွပ်ရှုတ်ချခဲ့ကြသည်။
ချင်းပြည်နယ် အစိုးရ၊ လွှတ်တော်သည် ပါတီနှင့်လုံးဝမသက်ဆိုင်မှုမရှိကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်ကို ပါတီအဖွဲ့အစည်းမှ ဝင်ရောက်စွပ်ဖက်မှုသည်လုံးဝမဖြစ်သင့်ကြောင်း မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုမာန်အွမ်းကပြောသည်။
“အစိုးရ နဲ့ လွှတ်တော်ဆိုတဲ့ဟာက ပါတီနဲ့ လုံးဝမသက်ဆိုင်ဘူး ပါတီဆိုတာက အဖွဲ့အစည်းတစ်ခုတည်း သာဖြစ်တယ်၊ မဏ္ဍိုင်ကြီးသုံးခုမှာအဓိကမဏ္ဍိုင်တစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို ပါတီဆိုတဲ့အဖွဲ့အစည်းကနေလာပြီးတော့ ဝင်ရောက်စွပ်ဖက်ခြင်းဟာ ဒါလုံးဝမဖြစ်သင့်တဲ့အရာဖြစ်တယ် ကျွန်တော်တို့ပါတီကိုမဲပေးတာမဟုတ်ဘူးဒီပါတီထဲကရွေးကောက်ခံတဲ့သူတွေကို ကျွန်တော်တို့မဲပေးတာ အဲဒါကြောင့် ပါတီကနေကျွန်တော်တို့ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလာပြီးတော့ စွပ်ဖက်တဲ့ကိစ္စ ဖိအားပေးတဲ့ကိစ္စ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် ဒီဥပဒေပြုရေးမဏ္ဍိုင် မဏ္ဍိုင်ကြီးသုံးရပ်ထဲက နှစ်ခုကိုမထီမဲ့မြင်ပြုပြီးတော့မှ သူတို့ဖြုတ်ချင်ရင်ဖြုတ်လို့ရတယ်၊ တပ်ချင်ရင်တပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေတယ်၊ ဒီဟာက ကစားလို့ရတဲ့အရာမျိုးမဟုတ်ဘူး” ဟု ကိုမာန်အွမ်းကပြောသည်။
ဦးအောင်သန်းသည် ဖေဖော်ဝါရီလ (၇) ရက်နေ့က အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးညဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမျိူးညွန့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမြင့်နိုင် နှင့် ဒေါက်တာဇော်မြင့်မောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌတို့ရှေ့မှောက်တွင် မိမိသဘောဆန္ဒအရ ရာထူးမှနှုတ်ထွက်မည်ဟု ကတိဝန်ခံပြုခဲ့သော်လည်း ယနေ့ချိန်ထိ နှုတ်မထွက်သေးသည့်အတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နောက်ဆုံးထားပြီး နှုတ်ထွက်ရန် NLD ပါတီ ဒု ဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်မှ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က သတိပေးစာပေးပို့ခဲ့သည်ဟု သိရသည်။
အကယ်၍ နှုတ်ထွက်ခြင်းမပြုပါက လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ နှုတ်ထွက်စေမည်ဟု အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းအနေဖြင့် တာဝန်လစ်ဟင်းမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် လုပ်ထုံးလုပ်နည်းများကျော်လွန်ပြီး လုပ်သည့်ကိစ္စများရှိခဲ့လျှင် ပြည်သူလူထုထံ အသိပေးချပြသင့်ကြောင်း၊ သက်ဆိုင်ရာချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်တို့မှသာ ဆုံးဖြတ်ရမည်ဟု ၎င်းကဆက်ပြောသည်။
“သူအပြစ်ရှိလို့ရှိရင် အဲဒီအပြစ်တွေကိုဖော်ပြပါ လူထုကိုချပြပါ ကျွန်တော့်တို့မှန်ကန်တဲ့ သတင်းတော့ရှိရမယ် သတင်းရယူခွင့် ကျွန်တော်တို့မဲပေးတဲ့ပြည်သူလူထုတွေမှာဒီအခွင့်အရေးတွေကိုရှိရမယ် ဒါတွေကိုချပြပါ ချပြပြီးတော့မှ အရေးယူပါ အရေးမယ်ဆိုရင် ချင်းပြည်နယ်အစိုးရနဲ့ လွှတ်တော်ကနေပဲဆုံးဖြတ်ပြီးတော့မှအရေးယူပါ” ဟု ကိုမာန်အွမ်းကပြောသည်။
ဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းကမင်းတပ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် အင်တိုက်အားတိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မင်းတပ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။








