ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာအုပ်စု Maran Kahtawng ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီပိုင် မြေဧက (၁၀၀)အား လာမည့်ရွေးကောက်ပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးသော ပြည်သူများကို အခမဲ့ ခွဲဝေသွားမည် ဖြစ်ကြောင်းသိရသည်။
မြေယာများရရှိရန် လျှောက်ထားသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီကို မဲပေးထောက်ခံ မည့် သူများဖြစ်မှသာ လျှောက်ထားမှုကို ပြုလုပ်ရမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ တွင် အောင်နိုင်ခဲ့မှသာ ၎င်းမြေယာများကို ခွဲဝေပေးမည်ဖြစ်ကြောင်းကို မရန်ကထောင်ကျေးရွာ အတွင်းနေထိုင်သော ကြံ့ခိုင်ရေးပါတီအတွင်းလှုပ်ရှာသူ ဒေါ် ဖြူဇာအောင်က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။
“ဒီမြေယာတွေကိုခွဲဝေပေးမယ်ဆိုတာကဟုတ်တယ်။ ဒါပေမယ့်အခုမဟုတ်ဘူး။ အခမဲ့ပေးနေတယ်ဆိုတာကလည်းမဟုတ်ဘူး။ အဓိက ကျမတို့လုပ်ဆောင်နေတာက ၂၀၂၀ ရွေးကောက်ပွဲအတွက်သာဖြစ်တယ်။ လာလျှောက်သူများကိုယ်တိုင်ကလည်း ကြံ့ခိုင်ရေးကို မဲပေးထောက်ခံတဲ့သူသာ လျှောက်ထားခွင့်ရမယ်။ အခုမြေယာလာလျှောက်ထားတဲ့ သူအားလုံးက ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့မှသာ အားလုံးကို ခွဲဝေပေးမယ်ဖြစ်တယ်လို့။”
သို့ဖြစ်၍ ယခုလ လဆန်းပိုင်းကစပြီး မြေယာရရှိရန်အတွက် လာရောက်လျှောက်ထားသူများ များပြားလာသလို လက်ရှိ ၁၀၀၀ ကျော်ခန့် ရှိနေပြီး များသောအားဖြင့် စစ်ရှောင်များဖြစ်ကြောင်းကို ဆက်လက်ပြောဆိုသည်။
ယခုလက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဖြစ်နေသည့်အတွက် ပြည်ခိုင်ဖြိုးက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလျှင် မြေယာများကို အခမဲ့ခွဲဝေပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး နည်းဥပဒေအရ မြို့နယ်အလိုက် တရားဝင်ပူးပေါင်း လုပ်ဆောင်သွားရန်လိုသည်ဟု မရန်ကထောင်ဒေသခံ အုပ်ချုပ်ရေးမှူး Slg. Labya Bawk Naw က ဆိုသည်။
“အစတုန်းကတော့ ဘယ်သူက ဦးစီးဦးဆောင်ပြီး ပြုလုပ်တာကိုမသိလိုက်ရဘူး။ အထက်ကအုပ်ချုပ်ရေးပိုင်းတွေ စစ်ဆေးမှုတွေ ပြုလုပ်ခိုင်းတော့ ပြည်ခိုင်ဖြိုးက ၂၀၂၀အတွက် မဲဆွယ်တဲ့ ကိစ္စဖြစ်နေတယ်။ တကယ်ပဲ မြေယာတွေကို ခွဲဝေပေးမယ် မပေးဘူး ဆိုတာက ကျနော်လည်း မသိဘူး။ အခုသိရသလောက် ဖားကန့်၊ မြစ်ကြီးနား အဲ့ဒီက လူတွေ ဒီမှာ ကြံ့ခိုင်ရေးပါတီအမည်ဖြင့် မြေယာတွေ လာလျှောက်နေတယ်လို့တော့သိရတယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ဒါမေပယ့် ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေနဲ့အသေးစိတ် တိုင်ပင်မှုတွေကပြုလုပ်ရမယ်ဖြစ်တယ်။ ဒါပေမယ့် အခုက သူတို့က စည်းရုံးရေးတွေ စလုပ်နေပြီးဖြစ်တယ်” ဟု ဆိုပါသည်။
ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့် Maran Kahtawng ကျေးရွာအတွင်း ပိုင်ဆိုင်ထားသော မြေဧကပေါင်း (၁၀၀)ခန့်သာရှိနေသည်ဟု သိရချိန် လက်ရှိ လျှောက်ထားသူ စုစုပေါင်း ၁၀၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။
၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အောင်လျှင် ထောက်ခံမဲပေးသော ပြည်သူလူထုများကို ဒေသအလိုက် စီစစ်မှုပြုလုပ်ပြီး ဒေသလိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို မကွေးတိုင်းဒေသကြီး ကံမကျေးရွာဒေသခံ ကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသက်ဝေ က ကချင်သတင်းဌာ KNG ကို ယခုလို ပြောပါသည်။
“ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် ယခုမြေယာလျှောက်ထားတဲ့ မြေယာများကို မြေယာမဲ့ ပြည်သူများကိုသာ ဦးစားပေးလုပ်ဆောင်ပေးသွားမယ်။ ပြီးရင် တိုင်းရင်းသားဒေသအတွင်းမှာလည်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်လည်း ကျနော်တို့ဘက်က ရွေးကောက်ပွဲအောင်နိုင်ခဲ့မှသာ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ အမည်ဖြင့် မြေယာလျှောက်ထားသူများက မြေကွက်တစ်ကွက်လျှင် အကျယ် ပေ ၈၀×၆၀ ပတ်လည် ရရှိမည်ဖြစ်ပြီး လာလျှောက်သူများကိုယ်တိုင်လည်း အမည်စာရင်း တင်သွင်းရာတွင် မိမိ၏ မှတ်ပုံတင်မိတ္တူတစ်ခု၊ လိုင်စင်ဓါတ်ပုံ(၃)ပုံနှင့်တကွ လျှောက်ထားနိုင်ကြောင်း ဆိုသည်။







