ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက် ခံနေရချိန် စင်းခန်း ဧရာဝတီမြစ်ကူး ကားနှင့် ရထားသွား သံမဏိသံဘောင်တံတားကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဗန်းမော်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တံတား၏ အရှေ့ဘက် ခြေရင်းပိုင်းမှ သံဘောင်များ ကွေးညွတ်သွားပြီး ကားတစ်စီးစာခန့် တံတားကြမ်းပြင် ပေါက်ထွက်သွားသည်။
ထို့အပြင် လေကြောင်းဗုံးကြဲမှုကြောင့် တံတားပေါ်ရှိ ကားလမ်းပိုင်းအပြင် ရထားသံလမ်းပါ ထိခိုက်ပျက်စီး သွားခဲ့ကာ ရထားလမ်းမှာမူ အသုံးပြု၍ မရတော့ပေ။
သို့သော် လက်ရှိ စင်းခန်းဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် တံတားပျက်စီးမှု အခြေ အနေကို မြေပြင်သို့ သွားရောက်စစ်ဆေးရန် ခက်ခဲနေပြီး ပျက်စီးမှုအတိုင်းအတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ရှိနေသည်။
“တအားဆိုးဆိုးဝါးဝါးကြီး မဟုတ်ဘူးလို့ ပြောတယ်။ လက်ရှိက အဲဒီဘက် တိုက်ပွဲဖြစ်နေတော့ သွားလေ့လာဖို့ ခက်နေတော့ တိတိကျကျ ပြောမရဘူး။ ၅–၉–၂၀၂၆ စကစက စင်းခန်း ဧရာဝတီမြစ်ကူး ကား/ရထားသွား သံမဏိသံဘောင်တံတားကြီးအား လေယာဉ်ဗုံးကြဲဖျက်ဆီးခဲ့တယ်။ အရှေ့တံတားခြေရင်းအပေါ် သံဘောင် ကွေး၊ ကားတစ်စီးစာ ကြမ်းပြင်ပေါက်။ အနောက်တံတားခြေရင်း ထိခိုက်သွားတယ်လို့ အဲဒီဘက်က ရဲဘော် တင်ထားတယ်ဗျ” ဟု ဗန်းမော်ဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စင်းခန်းတံတားသည် ကသာနှင့် ဗန်းမော်ဘက်သို့ ဆက်သွယ်သွားလာနိုင်သည့် အဓိက ကုန်းလမ်းပေါ်တွင် တည်ရှိပြီး ကားရော ရထားပါ ဖြတ်သန်းနိုင်သည့် တံတားတစ်စင်း ဖြစ်သည်။
ထို့အပြင် စင်းခန်းဒေသသည် ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်မှ ဗန်းမော်သို့ ဆန်တက်လာသည့် ရေယာဉ်များ ဖြတ်သန်းရသည့် ဒုတိယမြစ်ကျဉ်းအနီးတွင် တည်ရှိသဖြင့် ကုန်းလမ်းရော ရေလမ်းပါ ဆက်စပ် နေသည့် အရေးပါသော နေရာတစ်ခုလည်း ဖြစ်သည်။
ဗန်းမော်ဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်က စင်းခန်းဒေသ၏ တည်နေရာသည် စစ်ရေးအခြေအနေနှင့် ဆက်စပ်၍ အရေးပါကြောင်း ပြောပြသည်။
“စင်းခန်းတံတားက ပြောရမယ်ဆိုရင် ဗန်းမော်၊ ကချင်ပြည်နယ်နဲ့ ကသာကို သွားလို့ရတဲ့ မိန်းလမ်းပေါ်မှာ ရှိ တာဟုတ်တယ်။ ပြီးတော့ သင်္ဘောဘာညာ တက်မယ်ဆိုရင် ဒုတိယမြစ်ကျဉ်းနားမှာ ဆောက်ထားတာလည်း ဖြစ် နေတော့ သင်္ဘောက အမြဲတမ်း နီးနီး ဒီမြစ်ကျဉ်းနား အပစ်ခံနေရတော့ သူတို့အနေနဲ့ သင်္ဘောတက်ရတာ လွယ် အောင်၊ ပြီးရင် စစ်ကိုင်းထောက်ပို့ကြော ပျက်အောင်၊ ဗန်းမော်ကို လမ်းကြောပိတ်နိုင်အောင် လုပ်တဲ့သဘော ဟုတ်တယ်။”
စင်းခန်းဒေသအနီးတွင်မူ စစ်သင်္ဘောအုပ်စုမှ ကျန်ရှိနေသည့် စစ်သားများအပြင် ဝဲမ၊ ဆင်စခန်းနှင့် နောင်မိုဒေသ ဘက်မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ရှိနေဆဲဖြစ်ကာ တော်လှန်ရေးတပ်များဘက်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေ သဖြင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
“အခုက ရွှေကူနားတော့ အစကလောက် မဆိုးဘူး။ စင်းခန်းနားက လက်ကျန်တွေ ရှိထားတယ်။ သင်္ဘောက ကျန်တဲ့စစ်သားတွေရယ်၊ ဝဲမ၊ ဆင်စခန်းနဲ့ နောင်မိုနားက စစ်သားတွေရယ် ကျန်တယ်။ အဲဒါကို တော်လှန်ရေး တပ်ဘက်က လိုက်ရှင်းလင်းရေး လုပ်နေတယ်။ သူတို့က အင်အားရသလောက် ပြန်ဖြည့်ပြီး စင်းခန်းထိုးဖို့ ကြိုး စားနေတော့ တိုက်ပွဲကတော့ ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တံတားထိခိုက်ပျက်စီးမှု အခြေအနေနှင့် ဒေသတွင်း စစ်ရေးအခြေအနေများကို KNG က ဆက်လက်စုံစမ်းလျက်ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များကလည်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဩဂုတ် ၂၁ ရက်တွင် စတင်ထွက်ခွာလာ သည့် စစ်သင်္ဘောအုပ်စုသည် ဧရာဝတီမြစ်ကြောင်းအတိုင်း သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များ ကို ဖြတ်သန်းကာ ကချင်ပြည်ဘက်သို့ ဆန်တက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်သင်္ဘောအုပ်စုတွင် စစ်ရေးသုံး ရေယာဉ်များအပြင် ဒေသအခေါ် “သံခွန်” ဟုခေါ်သည့် ကုန်တင် သင်္ဘောများနှင့် တွဲတွန်းရေယာဉ်များ အပါအဝင် စုစုပေါင်း ၁၅ စီးခန့် ပါဝင်ခဲ့သည်။
ဩဂုတ် ၂၈ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိလာပြီးနောက် မြို့ကမ်းဆိပ်၌ ရက်အနည်းငယ် ရပ်နားကာ ဗန်းမော် ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ရာ ရွှေကူနှင့် စင်းခန်းဒေသတစ်ဝိုက်တွင် KIA နှင့် ပူးပေါင်းတပ်များ က ဆက်တိုက်တိုက်ခိုက်ခဲ့သဖြင့် ရေယာဉ်အချို့ ပျက်စီးခဲ့ရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောအုပ်စုထဲမှ ရေယာဉ်အချို့တွင် လိုက်ပါလာသူ ၂၀၀ နီးပါးသည် အလံဖြူထောင်၍ လက်နက်ချခဲ့ကြသည်။
စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ရေယာဉ်အချို့ ရွှေကူဒေသတွင် ကျန်ရစ်ခဲ့သော်လည်း ကျန်ရေယာဉ် အချို့မှာ စင်းခန်းဒေသကိုဖြတ်၍ ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်ခဲ့ရာ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ကုန်တင်သင်္ဘော (သံခွန်) ၅ စီး၊ စုစုပေါင်း ၇ စီးမှာ ဗန်းမော်မြို့သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ဆန်တက်လာသည့် စစ်သင်္ဘော ၃၁ စီးအနက် သင်္ဘောအချို့မှာ မြစ်ညာ ဘက်သို့ ဆက်လက်တက်လာနေသကဲ့သို့ စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီနောက်ပိုင်းတွင်လည်း မောင်းကုန်း ထူးဆိပ်မှ သင်္ဘော ၆ စီး ထီးချိုင့်ဘက်သို့ စတင်ထွက်ခွာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြော သည်။ အဆိုပါ ၆ စီးတွင် စစ်အင်အားတင်ဆောင်ထားသည့် သင်္ဘောတစ်စီးနှင့် ကမ်းထိုးယာဉ်တစ်စီး ပါဝင်ပြီး ကျန်သင်္ဘောများမှာ စစ်သင်္ဘောများ ဖြစ်နိုင်သည်။







