ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် မျှော်လင့်ချက် မအောင်မြင်

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် မျှော်လင့်ချက် မအောင်မြင်
ဓာတ်ပုံ - ဝင်းကျော်လှိုင်
ဓာတ်ပုံ - ဝင်းကျော်လှိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သံတွဲဒေသခံများ တွေ့ဆုံမည်ဆိုလျှင် တွေ့ဆုံနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ခဲ့သောကြောင့် ဒေသခံတစ်ချို့ တွေ့ဆုံရန် သံတွဲမြို့ရှိ ဒါွရာဝတီမြို့ တော်ခန်းမသို့ လာရောက်ခဲ့ကြသည်။

သို့သော်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တွေ့ဆုံလျှင် တွေ့ဆုံနိုင်အောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဒေသခံများ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေ။ ယင်းကြောင့် တွေ့ဆုံရန် စောင့်ဆိုင်းခဲ့ကြသူများကြား ဝေဖန်မှုမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

“လူကြီးတွေလာတိုင်းလာတိုင်း ကျွန်မတို့မြို့တော်ခန်းမကိုလာတယ်။ မြို့တော်ခန်းမမှာ ပြည်သူနဲ့တွေ့ဆုံပွဲလုပ်တယ်။  ဒေသကလူတွေရဲ့တင်ပြတဲ့အကြောင်းအရာလေးတွေကို နားထောင်ပေးတယ်။ ဒါဟာဒီမြို့ရဲ့ထုံးစံပဲ။  အဲဒီတော့ နိုင်ငံတော်အတိုင်ပင်ခံတစ်ယောက်နဲ့ ပြည်ထောင်စုအဆင့် လူကြီးတွေလာကြတယ်။ မြို့တော်ခန်းမလိုနေရာမျိုးကိုလာပြီးတော့ အဲဒီလို တွေ့ဆုံလိမ့်မယ်လို့ အားလုံးသူမျှော်လင့်ထားတယ်။ အဲဒီလိုမျှော်လင့်ထားတဲ့ အချိန်မှာ လာလည်းမလာဘူး။ တွေ့လည်းမတွေ့ဆုံဘူးဆိုတော့ ဒီဒေသကလူတွေကို အရေးမပါသလို ထားခဲ့တယ်လို့ ခံစားရတယ်” ဟု ဒါွရာမြေဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ ဒေါ်မိမိခိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေသ၏ လိုအပ်ချက်များကို တင်ပြနိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်သော်လည်း တွေ့ဆုံပွဲ ပျက်သွားသဖြင့် ဆုံးရှုံးနစ်နာမှုများရှိသည်ဟု တွေ့ဆုံရန် လာရောက်သူ ဒေသခံ ဦးခင်မောင်က ပြောသည်။

“ကျွန်တော်တို့ပြောချင်တာတွေ ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးတွေ မရလိုက်ဘူး။ ဒီဒေသခံတွေကတော့ တွေ့ဖို့အတွက်အားကိုးတကြီးနဲ့ အဆင့်သင့် စောင့်နေကြတာပေါ့လေ။ ဒါပေမဲ့ သူရဲ့အကြောင်းကြောင်းကြောင့် မတွေ့ဖြစ်ဘူးဆိုတဲ့ခါကျွန်တော်တို့မြို့အတွက် အင်မတန်နစ်နာတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

သံတွဲလူမှုအဖွဲ့အစည်းတချို့၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ လုပ်ရန်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ဖိတ်ကြားမှုများ ရှိခဲ့သည်ဟုပြောကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သံတွဲသို့ မဲဆွယ်စည်းရုံးရန် လာရောက်စဉ်က ဒေသခံများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် တွေ့ဆုံခြင်းမရှိသဖြင့် ဒေသခံများကြား ဝေဖန်မှုမြင့်တက်နေခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...