ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌကို ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းဟုဆို

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌကို ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းဟုဆို

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းကို (NLD) ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းလိုက်သည်ဟု စုံစမ်းသိရှိရသည်။

ချင်းပြည်နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအောင်သန်းအား လွှတ်တော် ဒု-ဥက္ကဌ ရာထူးကနေ အနားပေးခံရသည့်သတင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က ယခုလိုပြောဆိုပါသည်။

“အနားယူခိုင်းတာဟုတ်ပါတယ်၊ အပေါ်ကနေ နားခိုင်းတာဆိုတော့ ကျနော်တို့ကတော့ ဘာမှမသိဘူး” ဟု ဦးဇိုဘွဲ့ကပြောသည်။

ဦးအောင်သန်း အနားယူမည့်ကိစ္စကိုလည်း ဖေဖော်ဝါရီလကကျင်းပသည့် ချင်းပြည်နယ် လွှတ်တော်အစည်းဝေးတွင် ဦးဇိုဘွဲ့က လွှတ်တော်ကိုယ်စားလှယ်များထံ ပြောဆိုခဲ့သည်ဟု ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကပြောသည်။

“ကျွန်တော်တို့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌက အဲလိုပြောသွားတာ၊ ကျွန်တော်တို့လည်း အံ့သြသွားတယ်” ဟု ဒေါက်တာမှုထန်ကပြောသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးတွင်လည်း လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းသည် ခွင့်ယူထားပြီး အစည်းအဝေးတက်မလာကြောင်း သူကဆက်ပြောသည်။

ဦးအောင်သန်းကို မည်သည့်ကိစ္စကြောင့် ရာထူးမှ အနားယူခိုင်းသည်ကို မသိရသေးပေ။

သို့သော်လည်း NLD ပါတီအတွင်း အချင်းချင်းပြသနာကြောင့် တိုင်းကြားခံရသည့်အတွက် ယခုကဲ့သို့ အထက်မှ အနားယူခိုင်းခြင်းဖြစ်နိုင်သည်ဟု ချင်းပြည်နယ် NLD ပါတီအသိုင်းအဝန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံကနေ သိရသည်။

ယင်းကိစ္စပတ်သက်၍ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိူးညွန့်ကို ဆက်သွယ်မေးမြန်းရာ ယခုလိုပြောဆိုပါသည်။

“ကျနော်တို့ ဒီသတင်းနဲ့ဘာမှတ်ချက်မှမပေးပါဘူး၊ ဘာစာမှလည်း ကျနော်တို့ဆီ မရောက်ပါဘူး’’ ဟု ဒေါက်တာမျိူးညွန့်ကပြောသည်။

ဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းက မင်းတပ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မင်းတပ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...