ဟားခါးမြို့ပြစီမံကိန်းကိုဆန့်ကျင်ပြီး အနှောက်ယှက်ပေးသူများအား ဥပဒေအရ အရေးယူတော့မည်

ဟားခါးမြို့ပြစီမံကိန်းကိုဆန့်ကျင်ပြီး အနှောက်ယှက်ပေးသူများအား ဥပဒေအရ အရေးယူတော့မည်

ချင်းပြည်နယ်အစိုးရမှ အကောင်ထည်ဖော်ဆောင်ရွက်နေသော ဟားခါးမြို့ပြစီမံကိန်းကို ဥပဒေဘောင်ကျော်လွန်ပြီး အနှောက်အယှက်ပေးဆန့်ကျင်လာပါက ဥပဒေအတိုင်း အရေးဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“မြို့ပြစီမံကိန်းက သူရဲ့နည်းဥပဒေအတိုင်း၊ မြေစာရင်းဥပဒေအတိုင်း ကျွန်တော်တို့လုပ်နေတာလေ၊ အဲဒီလုပ်နေတဲ့ဟာကို ကျော်လွန်ပြီးမှ အနှောက်ယှက်ပေးလာမယ်၊ တစ်ခုခုဆန့်ကျင်မယ်ဆိုရင်တော့ ဥပဒေတိုင်းအရေးယူဖို့၊ ကျွန်တော်တို့က အစိုးရဖွဲ့ဖြစ်တယ်၊ အစိုးရအဖွဲ့ကတော့ သူ့ရဲ့ နည်းဥပဒေတွေရှိတယ်၊ နောက်ပြီးတော့ အမျိုးသားစီမံကိန်းရဲ့ လုပ်ထုံးထုပ်နည်းတွေရှိတယ်၊ နောက်တစ်ခုက မြေသိမ်းဥပဒေလည်းရှိတယ်၊ အဲဒီအတိုင်းလုပ်ရဲ့သားနဲ့ ရှေ့ကဆန့်ကျင်ပြီးတော့ အဟန့်အတားဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ အဲဒီအဟန့်အတားဖြစ်တဲ့အရာမှန်သမျှကတော့ ထိုက်သင့်တဲ့ ဥပဒေအတိုင်းပဲ အရေးယူဖို့ရှိတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဟားခါးမြို့သည် မြို့တော်အင်္ဂါရပ် ညီညွတ်ရန်နှင့် အိမ်မြေကွက်မရှိသူများအတွက် ရည်ရွယ်ပြီး မြို့ပြစီမံကိန်းအတွက် ကျောဘုတ်ရပ်ကွက်တွင် မြေဧက (၆၇၆) တိုးချဲ့ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

သို့သော်လည်း အစိုးရ၏လုပ်ဆောင်ချက်သည် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ဘိုးဘွားမြေပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းမှုမရှိဟုဆိုကာ ဒေသခံ တောင်သူလယ်သမားများနှင့် ဘိုးဘွားမြေပိုင်ရှင်များက ဆန့်ကျင်နေကြခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးထက်က “ကျွန်တော်တို့က မြေမရှိ၊ ယာမရှိ၊ အိမ်မရှိတဲ့လူတွေ၊ နောက် အသင်းတော်ကဆိုင်တဲ့ ဆရာတော်ကြီးတွေ၊ နောက်ပြီးတော့ နယ်ကနေတက်လာတဲ့ ြမို့မိမြို့ဖတွေ၊ ကျုးကျော်ဖြစ်နေတဲ့ အိမ်ငှားနေတဲ့သူတွေ၊ အဲ့ဒီအတွက်ကို စနစ်တကျ မြေပေးနိုင်အောင် လုပ်နေတယ်၊ အဲဒီလိုလုပ်နေတဲ့ဥစ္စာကို အဟန့်အတားဖြစ်တယ်ဆိုရင် ကျွန်တော်တို့ ဥပဒေလုပ်ထုံးလုပ်နည်းအရ လုပ်နေတာကို အဟန့်အတားလုပ်နေမယ်ဆိုရင် သူ့ရဲ့ကျူးကျော်မှု၊ သူ့ရဲ့ဆန့်ကျင်မှုအပေါ် ထိုက်သင့်တဲ့ဟာတော့ ဖြေရှင်းရမှာပေါ့” ဟု ပြောသည်။

ဟားခါးမြို့ပြစီမံကိန်းကော်မတီအောက်တွင် အကောင်အထည်ဖော်ကော်မတီရှိပြီး ဆပ်ကော်မတီအဖြစ် ညှိနှိုုင်းရေးကော်မတီ (၂၅) ဦး၊ လမ်းရေမီးကော်မတီ၊ ဘဏ္ဍာရေးကော်မတီနှင့် အိမ်ကွက်ချထားရေးကော်မတီတို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

မြို့ပြစီမံကိန်းရေးဆွဲမှုအတွက် အခြေခံစီမံချက်၊ မဟာစီမံချက်နှင့် လက်တွေ့ အကောင်အထည်ဖော်မှုဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ပြီး မဟာစီမံချက်အဆင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟုသိရသည်။

ဘိုးဘွားပိုင်မြေအရေးလှုပ်ရှားသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ် Za Tlem ကတော့ သူတို့အနေဖြင့် အစိုးရကို အနှောက်အယှက်ပေးခြင်းမဟုတ်ကြောင်း၊ အစိုးရကသာ ဥပဒေလမ်းကြောင်းအတိုင်း မလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့က မြို့ပြစီမံကိန်းကို အနှောက်ယှက်ပေးတာမဟုတ်ဘူး၊ သူတို့အစိုးရကပဲ ကျွန်မတို့တောင်သူ မူလမြေပိုင်ရှင်၊ ဘိုးဘွားပိုင်မြေ၊ သားစဉ်မြေးဆက်အမွေဆက်ခံသောမြေကို သူတို့ကပဲ အနှောက်အယှက်ပေးတယ်၊ ဥပဒေလမ်းကြောင်းအတိုင်းမလုပ်လို့ ကျွန်မတို့ လုံး၀ ကန့်ကွက်တာဖြစ်တယ်’’ ဟု ဒေါ် Za Tlem ကပြောသည်။ ဟားခါးမြို့ပြစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၅) ရက်နေ့က ဒေသခံတောင်သူလယ်သမားများက ဟားခါးမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...