မိမိတို့နေထိုင်သည့်အစိုးရအပေါ် သစ္စာရှိရှိနေထိုင်ကြရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ်က တိုက်တွန်း

မိမိတို့နေထိုင်သည့်အစိုးရအပေါ် သစ္စာရှိရှိနေထိုင်ကြရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ်က တိုက်တွန်း

ချင်း (ဇိုး) မျိူးနွယ် (Zohnahthlak) များသည် အုပ်ချူပ်မှုတစ်ခုအောက်တွင် အတူတကွ နေထိုင်ခြင်းမရှိနိုင်သေးသည့်အချိန်တွင် မိမိတို့နေထိုင်ကြသည့် အစိုးရပေါ် သစ္စာရှိရှိ နေထိုင်ကြရန် အရေးကြီးသည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးဇိုးရမ်းထန်းငါက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင်ကျင်းပသည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့တွင် ပြောဆိုသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်းအနားကို အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် Chin Pawlpi ၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်လာသော မီဇိုရမ်ဝန်ကြီးချူပ်က ထိုကဲ့သို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘယ်လိုအကြောင်းအရာကြောင့်နဲ့မှ ပြောင်းလဲလို့မရတာကတော့ သွေးချင်းဆက်နွယ်မှု၊ ယဉ်ကျေးမှုတစ်ခု၊ ဘာသာတရားတစ်ခုတည်းကိုသာ ကိုးကွယ်နေခြင်းဖြစ်တယ်၊ ဘာသာစကားအနည်းငယ်ကွဲပြားပေမယ့် ကျနော်တို့တွေဟာ တလုံးတဝတည်းဖြစ်တယ်၊ ဒါဟာ ပြောင်းလဲလို့မရပါဘူး၊ အုပ်ချုပ်မှုတစ်ခုအောက်မှာ ကျနော်တို့ ချင်း (ဇိုး) မျိုးနွယ်စုတွေ ဘယ်အချိန်မှာနေရမည်ကို သေချာမပြောနိုင်ပေမယ့် လက်ရှိ မိမိတို့နေထိုင်တဲ့ အစိုးရအောက်မှာ လိမ္မာပါးနပ်စွာ၊ သစ္စာရှိစွာ သူတို့အတွက် အရှုပ်ထုတ်မဖြစ်ဘဲ နေထိုင်ဖို့လိုအပ်နေသေးတယ်၊ အိန္ဒိယအစိုးရအုပ်ချုပ်မှုအောက်တွင်နေထိုင်တဲ့အခါ အစိုးရကိုမဆန့်ကျင်ဘဲ ကောင်းမွန်စွာနေထိုင်ဖို့ လိုအပ်တယ်၊ မြန်မာပြည်မှာနေတဲ့သူအနေနဲ့ မြန်မာအစိုးရအတွက် အရှုပ်ထုတ်မဖြစ်ဘဲနေထိုင်ဖို့ လိုအပ်တယ်” ဟု မီဇိုရမ်ဝန်ကြီးချူပ်ကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ကျင်းပသည့် (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားတွင် ချင်းရေးရာဝန်ကြီးဟောင်း ပူးနိုးထန်ကပ်လည်း ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်ခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသော ချင်းလူမျိုးများအနေဖြင့် မီဇိုရမ်၏ နားလည်ပေးမှုများကို အခွင့်ကောင်းမယူဘဲ၊ မီဇိုရမ်ကို လှပေစေသောသူများဖြစ်ရန် အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

“မီဇိုရမ်ပြည်နယ်မှာနေထိုင်ရင် မီဇိုရမ်ကို လှအောင် နေထိုင်တတ်ဖို့ အရေးကြီးတယ်၊ အရှုပ်အထုတ်မဖြစ်ဖို့အရေးကြီးတယ်၊ နားလည်မှုကို အခွင့်ကောင်းမယူမိဖို့အရေးကြီးတယ်၊ ယုံကြည်ထိုက်သောသူဖြစ်အောင်နေထိုင်တတ်ဖို့ အရေးကြီးတယ်၊ အပြန်အလှန်နားလည်မှုရှိဖို့ အရေးကြီးတယ်” ဟု ပူးနိုးထန်ကပ်က သူ၏မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...