ကမန်ဟုဆိုသူများကို နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးခြင်းကိစ္စ ချပြရန်နှင့်ပတ်သက်ပြီး ဝန်ကြီးဖြေကြားချက်ကို မကျေနပ်၍ အမတ်များဆက်တိုက်တောင်းဆို

ကမန်ဟုဆိုသူများကို နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးခြင်းကိစ္စ ချပြရန်နှင့်ပတ်သက်ပြီး ဝန်ကြီးဖြေကြားချက်ကို မကျေနပ်၍ အမတ်များဆက်တိုက်တောင်းဆို

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးထားသည့် ကမန်ဟုဆိုသူ စုစုပေါင်း (၃၃၀၆)ယောက် အမည်စာရင်းနှင့် ၎င်းမိသားစု မျိုးရိုးစဉ်ဆက်ဇယားများ၊ ထိုသို့နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေးအတွက် ထောက်ခံပေးခဲ့သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကို ပြုစု၍ ပြည်နယ်လွှတ်တော်သို့ ပေးပို့ရန် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြည်နယ်လွှတ်တော်၌ တိုက်တွန်းအဆို တင်သွင်းလိုက်သည်။

ယင်းသို့ တိုက်တွန်းမှုဖြစ်ပေါ်လာခြင်းမှာ ပြည်နယ်လွှတ်တော်တွင် ဒီဇင်ဘာလအတွင်းက ရမ်းဗြဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ကမန်ဟုဆိုသူများကို နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးမှု ကိစ္စရပ်များကို မေးမြန်းခဲ့သည်။

သို့သော် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ၁၉၂၃ ခုနှစ်၊ လျှို့ဝုက်ချက်အက်ဥပဒေအရ ကန့်သတ်ထားသဖြင့် ပေးပို့ရန် မရှိဟု ဖြေကြားခဲ့သည်။ ထို့ကြောင့် ယင်းဖြေကြားချက်အပေါ် အားရကျေနပ်မှုမရှိပါသဖြင့် ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းပြီး ပြည်နယ်အစိုးရထံ တိုက်တွန်းရသည် အထိ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 “နိုင်ငံတော်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သမ္မတနိုင်ငံတည်ဆောက်နေပါသည်ဟု ကြေညာထားသည်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ချပြရမှာဖြစ်ပါတယ်။ အမည်စာရင်းများသည် လျှို့ဝှက်ထားရမည့်ကိစ္စမဟုတ်ဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် လုံခြုံမှုအဆင့်အတန်း သတ်မှတ် ထားတာမရှိပါဘူး” ဟု အဆိုရှင် ဦးဖိုးစံက ဆိုသည်။

အလားတူ ယင်းသို့တောင်းခံနေခြင်းမှာ နိုင်ငံတော်၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်ပြီး ဥပဒေအရ လျှို့ဝှက်ထားရမည့် ကိစ္စရပ်များကို တောင်းခံနေခြင်းမဟုတ်ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“(၁၉၈၂) မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသား အရည်အချင်းနဲ့ ပြည့်စုံကြတဲ့ နိုင်ငံသားများဖြစ်ကြောင်း အများပြည်သူကြည့်ရူလေ့လာနိုင်ရန် မှတ်တမ်းအဖြစ် ရခိုင်ပြည်နယ်လွှတ်တော်မှ သိမ်းဆည်း ထားချင်လို့ပါ ’’  ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ယမန်နေ့(ဖေဖော်ဝါရီလ ၂၀ ရက်နေ့)က ပြည်နယ်လွှတ်တော်တွင် လွှတ်တော်အမတ်များ ဆွေးနွေးကြသော်လည်း အစိုးရဘက်က တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိခဲ့ပေ။ သို့သော် အဆိုအား အတည်ပြုခဲ့ကြသည်။

ကမန်တိုင်းရင်းသားအမည်ခံပြီး ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးထားခြင်းကို ပြန်လည်စိစစ် ပေးရန် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းမှုတစ်ခုနှင့်ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူပုဂ္ဂိုလ် ၂၁ ဦးကို မှားယွင်းထုတ်ပေးသည်ဟု ဖြေကြားခဲ့သည်။

ကျောက်နီမော်ဒေသရှိ ဘင်္ဂါလီလူမျိုး သုံးထောင်ကျော်ကို  ကမန်လူမျိုးအဖြစ်  နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးထားခြင်းနှင့်ပတ်သက်ပြီး ရခိုင်အဖွဲ့အစည်းများနှင့် ကမန်လူမျိုးခေါင်းဆောင်များလည်း ကန့်ကွက်မှုများလည်းရှိသည်။ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ စာရင်းကောက်ထားချက်အရ ကျောက်နီမော်တွင် ကမန် လူမျိုး ၂၅၀ ဦးသာရှိသည်ဟု ဆိုသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...