ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် ရှိနေသော ကလေးငယ်များကို နှစ်သိမ့်ပေးနိုင်ရန်နှင့် စိတ်ဓာတ်ခွန်အားပေးနိုင်ရန်အတွက် စစ်ရှောင်စခန်းများတွင် ဖျော်ဖြေရေးအစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးရင်း ကလေးငယ်များအတွက်ပါ ပျော်ရွှင်စရာများ ဖန်တီးပေးခြင်းဖြစ်သည်။
စစ်ဘေးတိမ်းရှောင်နေရသည့် ကလေးငယ်များအတွက် စိတ်ဓာတ်ကျခြင်းများကို ခဏတာဖြေရှင်း ပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်းမှ တက်သစ်စ အဆိုတော်များကို ခေါ်ယူပြီး ဖျော်ဖြေပေးခြင်းဖြစ်ကြောင်း ၎င်းအစီအစဉ်များကို လုပ်ဆောင်ပေးနေသည့် ရက္ခရင်သွီးဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ကိုနိုင်အောင်ဌေးက ဆိုသည်။
“လူသားချင်းစာနာတာကြောင့် ရခိုင်သူ၊ ရခိုင်သားအချင်းချင်း တစ်ယောက်ဒုက္ခရောက်နေတာကို တစ်ယောက်က မမြင်နိုင်တာကြောင့် အခုလို စစ်ဘေးရှောင်တွေကို ကူညီတာပါ။” ဟု ၎င်းက ပြောသည်။
၎င်းအဖွဲ့သည် မြတ်လေး၊ ဝါးတောင်၊ တောင်မင်းကုလားရွာ စသည့် စစ်ဘေးရှောင်စခန်းများသို့လည်း ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။







