စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက် (ခ)ဖိုးလုံး သေဆုံးမှုဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ် ၄ ဦးအမှုတွင် တရားလိုဖြစ်သူ ဒေါ်မွှေးဇာနည်အောင်အား ယနေ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ဖိုးလုံး၏ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်အား ယနေ့စစ်ဆေးရာတွင် နဂိုထက်ချဲ့ကာ ထွက်ဆိုခြင်းများရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က သတင်းမီဒီယာများကို ပြောသည်။
“တရားလိုဘက်ကတော့ နဂိုတိုင်တန်းချက်ထက်ချဲ့ကားပြီး ထွက်ဆိုတာတွေရှိတယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ဖိုလုံးသေဆုံးမှုဖြင့် မေယုထွန်း၊ အောင်ချေ၊ ခိုင်ဘိုဘို၊ ရဲဇော်တို့လေးဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး ၎င်းအမှုတွင် တရားလိုဘက်မှ သက်သေ ၃၃ ဦး ရှိကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ရခိုင်လူငယ်များကို ဖြိုခွဲချင်၍ မတရားဖမ်းဆီးခြင်းသာဖြစ်ကြောင်း ဖမ်းဆီး ခံထားရသည့်လူငယ်များက ယနေ့ရုံးချိန်းတွင် ပြောသည်။
“အစိုးရဟာ လူငယ်တွေကို ချဉ်းကပ်ရမယ့်အစား နိုင်ငံရေးထောင်ချောက်ဆင်ပြီးတော့ ခုတုံးအဖြစ် အသုံးချနေတာဖြစ်တယ် ’’ ဟု ဖမ်းဆီးခံထားရသူ ကိုမေယုထွန်းက ပြောသည်။
စရဖတပ်ဖွဲ့ဝင် ဖိုးလုံးမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလက စစ်တွေမြို့ ဝင်္ကာပါကွင်းတွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
၎င်းသေဆုံးမှုနှင့် ဖမ်းဆီးထားသည့် လူငယ် ၄ ဦးကို ပုဒ်မ ၃၀၂ / ၃၄ ဖြင့် တရားစွဲဆိုထားပြီး လာမည့် ဖော်ဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။







