KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသ ဂွေခါကျေးရွာအနီး ၄ နာရီမှ ၅ နာရီထိ တစ်နာရီကြာ အစိုးရ စစ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ ၄၂၅ တပ်ဖွဲ့ အင်အား ၁၀၀ ခန့် ထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။
“မနေ့ကညနေပိုင်း တစ်နာရီလောက် ကျွန်တော်တို့ ဂွေခါဘက်မှာ တိုက်ပွဲဖြစ်တယ်။ အစိုးရတပ်က ကျနော်တို့ နေတဲ့ဘက်ကို ထိုးစစ်ဆင်လာလို့ ဖြစ်တာ။ ဒီနေ့ ၁၁ နာရီလောက်မှာ အမြောက်လက်နက်နဲ့ ရ ကြိမ် ၈ ကြိမ်လောက် ပစ်တယ်။ သူတို့လူတွေ ကျနော်တို့ဘက် ထိုးစစ်ဆင်လာတော့ သူတို့ဘက် မိုင်းနဲ့တိုက်ခိုက်ပြီး ပြန်ပစ်ခတ် တာတွေရှိတယ်။ တိုက်ပွဲက ဒီည ဖြစ်မလား။ မနကြ်ဖန် ဖြစ်မလား မသိသေးဘူး။ သူတို့ ဆက်တက်လာရင်တော့ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်” ဟု ဖားကန့် တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။
မေလ ၁၇ရက်နေ့ ညနေပိုင်းတွင် ဖားကန့် ဂွေခါ၊ ဂျာရာယန်၊ ညောင်ထောက်လမ်းဘက်မှ အစိုးရ စစ်အင်အား ၂၀၀ ခန့်က တက်လာနေသည်ဟု သတင်းရရှိသဖြင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားဖွယ်ရှိနေသဖြင့် KIA ဘက်မှ အဆင်သင့် အသင့်အနေအထား စောင့်ကြည့်နေသည်ဟု သူက ပြောသည်။
လက်ရှိ အစိုးရ စစ်တပ်ဘက်မှ နယ်မြေစိုးမိုးရေး ခေါင်းစဉ်ဖြင့် KIA တပ်ရင်း ၆ နယ်မြေသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်း ဖြစ်သလို၊ ၎င်းတပ်ရင်း ၆ အား သွေးတိုးစမ်းနေခြင်း ဖြစ်နိုင်သည်ဟု ဗိုလ်မှူး တန်ဆိုင်းက သုံးသပ် ပြောဆိုသည်။
“ပဋိပက္ခ ညှိနိုင်းရေးတွေ မလာနိုင်ဘူးဆိုတာက သူတို့က ကျွန်တော်တို့ KIA တွေ ပစ်တာပဲ ဆိုပြီး ပြောထားတော့ သွားကြည့်ရအောင်လို့ ပြောလိုက်တော့ သူတို့ အောက်ခြေတပ်တွေက လိမ်ညာပြီး တင်ပြထားတယ် ဆိုတော့ သူတို့ အရှက်ကွဲမှာစိုးလို့ မလာတာ ဖြစ်တယ်လို့ မြင်တယ်။ ကျွန်တော်တို့ ဖားကန့်ဘက်မှာလည်း ကျွန်တော်တို့ အရင်ပစ်တာ မဟုတ်ဘူး။ သူတို့ ဝင်လာလို့ တိုက်ပွဲ ဖြစ်လာတာ ဖြစ်တာကို ရှင်းရှင်းလင်းလင်းပဲ ပြည်သူတွေလည်း သိတယ်။ အခုဒီဘက် ပြန်ထိုးစစ်ဆင်လာတယ်ဆိုတာက ကျွန်တော်တို့ ရင်း ၆ ကို သွေးတိုးစမ်းတာ ဖြစ်တယ်လို့ မြင်တယ်”ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်မှ ၂၁ ရက်ထိ ဖားကန့်နှင့် တနိုင်းဒေသများအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ အစိုးရနှင့် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်များ သွားရောက် ကွင်းဆင်းလေ့လာရန် ဧပြီလ ၂၇ ရက်က တွေ့ဆုံ၍ သဘောတူခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်များ မလိုက်နိုင်သဖြင့် အစီအစဉ် ပျက်ပယ်သွားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း (NCA) နှင့် ပတ်သက်၍ KIO ဗဟိုကော်မတီ ဝင်များက ဌာနချုပ် လိုင်ဇာမြို့တွင် မေလ ၁၆ ရက်မှစတင်၍ ဆွေးနွေးနေပြီး ကော်မတီဝင်များ၏ NCA အပေါ် သဘောထားများရယူ၍ မကြာမီ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။







