သင်္ဘောလှကျေးရွာသား ၃ ဦးသတ်ဖြတ်ခံရမှုသည် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေသည့် သင်္ကေတတစ်ခု ဖြစ်ကြောင်းပြော

သင်္ဘောလှကျေးရွာသား ၃ ဦးသတ်ဖြတ်ခံရမှုသည် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေသည့် သင်္ကေတတစ်ခု ဖြစ်ကြောင်းပြော

မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦး သတ်ဖြတ်ခံရမှုသည် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေသည့် သင်္ကေတတစ်ခုဖြစ်ကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ငါးရှာသွားရာမှ ပျောက်ဆုံးသွားခဲ့သည့် သင်္ဘောလှကျေးရွာသား ၃ ဦးကို သတ်ဖြတ်ပြီး မြေကျင်းတစ်ခုတည်း၌ မြုပ်နှံထားသည်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့သည်။

သင်္ဘောလှကျေးရွာ ၃ ဦး ပျောက်ဆုံးနေမှုအား သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်းကျေးရွာများမှ လိုက်လံ ရှာဖွေခဲ့ကြရာ လက်ဖွဲ့ကျကျေးရွာအနီး တောင်ကုန်း၌ ၎င်းတို့အားမြုပ်နှံထားသည့်မြေကျင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းကျေးရွာသားသုံးဦးသည် အင်အားချင်းမမျှ၍ ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

“အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေကြတယ်ဆိုတဲ့ သင်္ကေတတစ်ခုပါပဲ။ သူတို့အင်အားနဲ့ အင်အားမမျှလို့ အခုလို အသတ်ခံရတာပေါ့လေ။ ယောင်္ကျားသားသုံးယောက်ပဲ၊ အင်အားချင်းမျှရင် ခုခံနိုင်တဲ့ အနေအထား ရှိတာပဲလေ” ဟု ၎င်းက DMG ကို ပြောသည်။

ထိုသို့သေဆုံးသွားသည့် သင်္ဘောလှကျေးရွာသား ၃ ဦးမှာ ဒိုင်းနက်(ခ) ဆက္ကမလူမျိုးများဖြစ်ကြပြီး သေဆုံး သွားသည့် ဦးလှထွန်းမောင်တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးမောင်ထွန်းစိန်တွင် ဘယ်နားထင် ပြတ်ရှ ဒဏ်ရာ၊ လည်ပင်းထိုးသွင်းဒဏ်ရာတို့နှင့် ဦးဂေါင်ဇူကီးတွင် လည်ပင်းပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယခုကဲ့သို့ ကျေးရွာသား ၃ ဦးသတ်ဖြတ်ခံရမှုအား နယ်မြေ ၃ တောင်ပြိုလက်ဝဲစခန်းတွင် အမှုဖွင့်လှစ် ထားပြီး ၎င်းဒေသ၏ နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...