ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များနှင့် AA/ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲအရာရှိတစ်ဦး ကျဆုံး ခဲ့ကြောင်း အစိုးရမှသတင်းထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင် မောင်တောမြို့နယ်အတွင်း AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှု မရှိကြောင်းနှင့် အစိုးရမှထုတ်ပြန် ထားသည်မှာ ARSA နှင့် AA ကို ပေါင်းထည့်ပြောဆိုခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
“ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိဘူး။ အဲဒီတိုက်ပွဲမှာလည်း ပါဝင်မှုမရှိခဲ့ဘူး။ အစိုးရက ကျွန်တော်တို့ကို တစ်လျှောက်လုံး အခြေအမြစ်မရှိ စွပ်စွဲပြီး တိုက်ခိုက်လာတဲ့ စကားလုံးတွေဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့အဖွဲ့ကို ARSA နဲ့ ပေါင်းထည့်တာကိုတွေ့ရပါတယ် ” ဟု ခိုင်သုခက ပြောသည်။
မောင်တောမြို့နယ် ကာလာဒေးဗတ်ကျေးရွာအနီးတွင် အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်စိတ် တစ်စိတ်နှင့် AA/ARSA တို့ ပူးပေါင်းအင်အား ၃၀ ခန့် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၂ နာရီခွဲတွင် အပြန် အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းမှစစ်ကူလာရောက် တိုက်ခိုက်သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့ကြောင်း အစိုးရမှ သတင်းထုတ်ပြန်သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် သွေးစွန်းနေသော ပြောက်ကျားဝေ့စကုတ် ၁ ထည်၊ အမ် -၂၂ ကျည်အိမ် ၃ ခု၊ ခဲယမ်းမျိုးစုံ ၂၉ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ရီမုတ်ခလုပ် ၁ ခု၊ ဝါယာကြိုးခွေ ၁ ခွေနှင့် အာရ်ဗီဘာသာဖြင့် ပုံနှိပ်ထားသည့် စာအုပ်တစ်အုပ်တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်းလည်း အစိုးရသတင်းတွင် ဖော်ပြထားသည်။







