မြောက်ဦးမြို့ ရှေးဟောင်းဇုံအတွင်းရှိ ရှေးဟောင်းကျောင်းတော်ရာ နေရာတွင် အာရ်စီကွန်ကရစ် အဆောက် အဦတစ်ခု အခိုင်အမာဆောက်လုပ်နေမှုကို ရွာဟောင်းတောကျေးရွာ ဒေသခံများမှ ကန့်ကွက်နေကြသည်။
ထိုသို့ အဆောက်အဦ ဆောက်လုပ်နေခြင်းကြောင့် နှစ်ပေါင်း ၄၀၀ ခန့် သက်တမ်းရှိသော ရှေးဟောင်း ကျောင်းတော်ရာနေရာမှ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးသွားမည်ကို စိုးရိမ်၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“ခိုင်မာတဲ့ အဆောက်အအုံတွေ ဆောက်မယ်ဆိုရင် ကျောင်းတော်ရာလည်း ပျက်စီးသွားမယ်။ နီပစ္စာ ဘုရားနဲ့လည်းနီးကပ်တယ်။ အားလုံးပျက်စီးသွားမှာပေါ့။ ကျနော်တို့က အဲဒါတွေကို ကန့်ကွက်နေတာ ” ဟု ရွာဟောင်းတောကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
၎င်းအဆောက်အဦ ဆောက်လုပ်နေမှုအား ရွာဟောင်းတောကျေးရွာသားများ၏ တိုင်ကြားချက်အရ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများနှင့် မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တို့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် နှစ်ကြိမ်တိုင် သွားရောက်ဟန့်တားခဲ့ကြောင်း သိရသည်။
“ရှေး/သုကလည်း ဒီကိစ္စကို ရပ်ခိုင်းထားပါတယ်။ ရှေး/သုက စစ်လည်းစစ်ဆေးပြီးပါပြီး။ စစ်ဆေးချက်တွေက ပြည်နယ်အစိုးရထံကို ရောက်လား မရောက်လားတော့ ကျနော်လည်းသေချာမသိဘူး ” ဟု မြောက်ဦး ချစ်သူများအဖွဲ့မှ ဦးသန်းမြင့်ကပြောသည်။
သို့သော်လည်း အဆောက်အဦဆောက်လုပ်မှုကို ရပ်တန့်ခြင်းမရှိဘဲဆောက်လုပ်နေရာ ကွန်ကရစ်တိုင်များပင် စိုက်ထူထားပြီဖြစ်၍ ဆောက်လုပ်ပြီးစီးသွားပါက ပြန်ဖျက်ရန်ခက်ခဲသွားမည်ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ဆိုသည်။
၎င်းအဆောက်အဦ ဆောက်လုပ်ခွင့်ကို မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ခွင့်ပြုထားခြင်းမရှိကြောင်း မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က ပြောသည်။
“ဆောက်ခွင့်ပြုထားတာ မရှိပါဘူး ။ အဲဒါက ရှေးသုနဲ့ ပတ်သတ်တယ်ကိစ္စရပ်တွေလေ။ ရှေးသုကပဲ တားတယ်၊ တားလို့မရဆိုတော့ ရှေးသုဥပဒေနဲ့အညီ လုပ်မှာပေါ့။ သက်ဆိုင်ဌာနက ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားဖို့ရှိပါတယ် ” ဟု ဦးမောင်သာစိန်က ပြောသည်။
မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနဌာနမှ မြို့နယ်မှူး ဦးနေနိုင်ထွန်းအား DMG မှ ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းအဆင့်ဖြင့် ဖြေကြား၍မရကြောင်း ဆိုသည်။
“အဲဒါ ကျနော်ပြောလို့မရဘူး။ ကျနော်တို့အဆင့်မပြောဘူး။ အပေါ်ကလူကြီးတွေ ပြောတာ။ ကျနော်တို့ ဖုန်းကိုဆက်လည်း ကျနော်တို့က ဖြေခွင့်မရှိပါဘူး။ ကျနော်က အောက်က ဝန်ထမ်းတွေပါ။ အထက်က လူကြီးတွေပဲ ပြောလို့ရမှာပါ ” ဟု ပြောသည်။
၎င်းအဆောက်အဦ ဆောက်လုပ်နေသည့်ကိစ္စအား DMG မှ လေ့လာကြည့်ရာတွင် KTV(စားသောက်ဆိုင်) ဆောက်လုပ်နေခြင်းဖြစ်ပြီး သြဇာအာဏာရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ နောက်ကွယ်မှ ပါဝင် နေသည်ဟု ကြားသိခဲ့ရသည်။
လက်ရှိတွင် အဆောက်အဦ ဆောက်လုပ်မှုအားရပ်တန့်ထားရန် ကတိခံဝန်ချက်ထိုးခိုင်းထားရာ ဆက်လက် ဆောင်လုပ်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
“ဒါက ရှေးဟောင်းကျောင်းတော်ရာ နေရာဆိုတော့ ထိန်းသိမ်းထားသင့်တယ်လေ။ မလုပ်သင့်တဲ့နေရာကို မိမိတို့စီးပွားအလို့ငှာ ဆောက်လုပ်တာဟာ ကိုယ့်ရဲ့ယဉ်ကျေးမှုကို ဖျက်ဆီးရာရောက်တယ် ” ဟု ဒေါ်ခင်သန်းက ပြောသည်။
ယခင်ကလည်း အဆောက်အဦ ဆောက်လုပ်မှုကို ရှေး/သုမှ ထိရောက်သည့် အရေးယူမှု မရှိသဖြင့် အဆောက်အဦ အချို့မှာ ပြီးစီးသွားမှုများရှိကြောင်း ကျောင်းတော်ရာကျေးရွာသားများမှ ဆိုသည်။
မြောက်ဦးမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေမှုမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မူကြမ်းအဆင့်ကို တင်ပြနိုင်ရန် လုပ်ဆောင်နေကြောင်း မြောက်ဦး ယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့မှ သိရသည်။







