မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှ ကျေးရွာ (၈) ရွာခန့် ပျက်ဆီးဟုဆို

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှ ကျေးရွာ (၈) ရွာခန့် ပျက်ဆီးဟုဆို

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝကျေးရွာအပါအဝင် ကျေးရွာပေါင်း (၈) ရွာခန့် ပျက်ဆီးသွားပြီး ဒေသခံများသည် နီးစပ်ရာဆွေမျိူးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲကြောင့် တပ်မတော်မှ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲချသည့်အတွက် ကျေးရွာပျက်ဆီးခဲ့ရပြီး တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခမောင်းဝရွာသားတစ်ဦးကပြောသည်။

“ကျွန်တော်တို့ထွက်ပြေးလာတာက ရွာထဲမှာ လေယာဉ်နဲ့ဗုံးကြဲလို့ဖြစ်တယ်၊ အခုက အိမ်တွေလည်းမရှိဘူး၊ ဘယ်လိုမှနေလို့မရတော့ဘူးဆိုတဲ့ အခြေအနေပါ၊ ကျွန်တော်တို့ အဲဒီရွာမှာနေတာက ကိုယ့်မိသားစုနဲ့ ကိုယ့်ညီအစ်ကိုမောင်နှမအသိုင်းအဝိုင်းနဲ့ သိုက်သိုက်မြိုက်မြိုက် လုပ်ကိုင်စားသောက်ခဲ့တာ၊ အခုတော့ အိုးအိမ်တွေကိုလည်းစွန့်ခွာပြီး၊ နေရပ်စွန့်ခွာပြီး ရုန်းကန်နေရတဲ့အခြေအနေဖြစ်နေပြီ” ဟု ခမောင်း၀ ရွာသားကပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ခမောင်းဝ၊ ကင်းတလင်း၊ ခေါစာချောင်း၊ ကူချောင်းဖျားရွာ၊ စတင်ဝရွာ၊ ဖွေလိုက် ဝရွာ၊ ပီတောင်ရွာ၊ သာယာကုန်းရွာစသည်တို့သည် ပျက်စီးသွားပြီး လူဦးရေ (၁၀၀၀) ခန့်တို့သည် ပလက်ဝြမို့၊ ကျောက်တော်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု သူကဆက်ပြောသည်။

ပလက်ဝမြို့ဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို နီးစပ်ရာဆွေမျိူးများထံသို့ ထားရှိကြပြီး ဒုက္ခသည်စခန်းအနေဖြင့် သီးသန့်ထားရှိခြင်းမျိူးမရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသည့် ကိုတင်ထွန်းအောင်ကပြောသည်။

“ပလက်ဝက ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆိုရင် ရခိုင်ကျေးရွာတွေမှာနေရာချထားပေးတယ်၊ ချင်းပြည်နယ်အစိုးရကိုယ်တိုင်က ထိထိရောက်ရောက်မလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ ကိုယ့်လူမျိုးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတယ်၊ နေရာချထားပေးတယ်၊ ရွာကိုတော့ ပြောလို့မရဘူး၊ ဘာကြောင့်လဲဆိုရင် သက်ဆိုင်ရာက သူတို့ကို လာပြီးခြိမ်းခြောက်နိုင်တယ်၊ မင်းတို့ ကိုယ့်ရွာကိုပြန်ရမယ်ဆိုတာမျိူးပေါ့၊ ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို ဘယ်ရွာမှာ နေရာချထားတယ်ဆိုတာကို ပြောလို့အဆင်မပြေဘူး” ဟု ကိုတင်ထွန်းအောင်ကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ပလက်ဝဒေသတိုက်ပွဲအတွင်း ရဟတ်ယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု မလုပ်ခဲ့ကြောင်း ဗွီအိုအေနှင့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ယခုလက်ရှိတွင် မြန်မာ့တပ်မတော်အနေဖြင့် ချင်းပြည်နယ်တောင်ပိုင်းဘက်သို့ စစ်တပ်အင်အားအလုံးအရင်းဖြင့် ထပ်မံတိုးချဲ့လာပြီး တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...