မင်းပြားမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီအချိန်က သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ကြောင်း မင်းပြားမြို့နယ် ရဲစခန်းမှ သိရသည်။
လုပ်ကြံခံရသူမှာ ကျောက်ခုတ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင် (၅၇ နှစ်) ဖြစ်ပြီး နေအိမ်ဝင်းအတွင်း ထိုင်နေစဉ် မျက်နှာဖုံးစွပ်ထားသော လူသုံးဦးက နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
“အိမ်မှာက လူတစ်ယောက်မှ မရှိဘူး၊ အိမ်မှာ သမီးလေးနဲ့ အိမ်အောက်မှာ ထိုင်နေတဲ့အခါ အိမ်ကိုဝင်ပြီး ပစ်သတ်သွားတာပေါ့။ သူ့သမီးကတော့ အားလုံး မြင်လိုက်တယ်လို့ပြောတယ်။ သူ့အဖေကိုသတ်တော့ သူက ကြောက်ပြီး အိမ်နောက်ကို ပြေးဝင်သွားတယ်လို့ ပြောပါတယ်” ဟု ကျောက်ခုတ်ကျေးရွာမှ ဒေါ်သန်းသန်းရီက ပြောသည်။
ဦးကျော်မောင်၏ ရင်ဘက်၊ လည်ပင်းနှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းသည်။ လက်ရှိတွင် အလောင်းအား မင်းပြားဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းသေဆုံးမှုအတွက် အမှုမဖွင့်ရသေးကြောင်း ဒေါ်သန်းသန်းရီက ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး မင်းပြားရဲစခန်းသို့ DMG က ဆက်သွယ်မေးမြန်းခဲ့ရာ အမှုမဖွင့်ရသေးကြောင်းနှင့် သေဆုံးသူအား စစ်ဆေးလျက်ရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မင်းပြာမြို့နယ် ပန်းမြောင်းကျေးရွာမှ ဒေသခံတစ်ဦးအား အမည်မသိလူတစ်ဦးမှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် လုပ်ကြံမှုဖြစ်ပွားခဲ့သည်။







