မာန်အောင်ကျွန်းတွင် နစ်မြုပ်ခဲ့သည့် ဆိပ်ကမ်းအာဏာပိုင်ရေယာဉ်တွင် ပါဝင်သွားသူများထဲမှ အချို့၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၇ နာရီခန့်အထိ သေဆုံးသူရုပ်အလောင်း ၈ လောင်းကို ဆယ်ယူ ရရှိခဲ့ကြောင်း မာန်အောင်မီးသတ်အဖွဲ့က ပြောသည်။
“ဆင်ပြောင်”အမည်ရှိ အဆိုပါရေယာဉ်မှာ မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်တွင်ရှိသော မီးပြတိုက်အား ပြုပြင်ရန်လာရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ညအိပ်ရပ်နားနေစဉ် လှိုင်းရိုက်ခတ်မှုကြောင့် ရေယာဉ်ပြူတင်း ကွဲအက်ကာ ရေယာဉ်နစ်မြုပ်သွားရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်ချိန်သည် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်ဖြစ်ကာ ရေယာဉ်နစ်မြုပ်စဉ် ဝီစီမှုတ်သံဖြင့် အချက်ပေးသောကြောင့် မီးပြတိုက်ဌာနမှူးနှင့်အဖွဲ့မှ ငါးဖမ်းစက်လှေ ၂ စီးဖြင့် ကူညီခဲ့ရာ ၇ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ၁၈ ဦးမှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
“နှစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်တယ်။ အလောင်းကို ဆယ်မထားတဲ့အခါကျတော့ ပင်လယ်ထဲမှာ ဘယ်နေရာကို မျောသွားလဲ မသိဘူး’’ ဟု မာန်အောင်မြို့နယ်ရဲမှူးမြင့်ဝေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြောသည်။
ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ၁၈ ဦးအား ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရုပ်အလောင်း ၈ လောင်းကို ဆယ်ယူရရှိခဲ့ပြီး ကျန် ၁၀ ဦးမှာ ပျောက်ဆုံးဆဲ ဖြစ်ကြောင်း သိရသည်။
၁၉၉၄ ခုနှစ်ကလည်း မီးပြတိုက်သို့သွားရောက်လည်ပတ်ခဲ့သည့် ရေယာဉ်နစ်မြုပ်ခဲ့ရာ လူ ၆၀ ဦးတွင် ၄၄ ဦး သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။







