မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကုန်းရွာမှ လူဦးရေ ၁၉၄ ဦးသည် သစ်တုံးနားကျေးရွာသို့ ပြောင်းရွှေ့ ရောက်ရှိနေကြကြောင်း သိရသည်။
ထိုသို့ပြောင်းရွှေ့လာသူများမှာ စိုးရိမ်မှုများဖြင့် ထွက်ပြေးရောက်ရှိလာကြခြင်းဖြစ်ကြောင်း သစ်တုံးနား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောသည်။
“အဲဒီကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်တာတော့မရှိဘူး၊ ဒါပေမယ့် ဖြစ်လာခဲ့ရင် ဒုက္ခရောက်မယ်ဆိုပြီး အခု ကတည်းက ထွက်ခွာလာကြတာလို့ပြောတယ်” ဟု ဦးထွန်းရွှေက ဆိုသည်။
ကုန်းရွာကျေးရွာနှင့် သစ်တုံးနားကျေးရွာမှာ ၁၇ မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း အခက်အခဲရှိကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်၏ ပြောကြားချက်အရ ကုန်းရွာကျေးရွာသားများမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများရှိသောကြောင့် ပြောင်းရွှေ့လာခြင်း ဖြစ်သည်ဟု သိရသည်။
ကုန်းရွာကျေးရွာအား လမ်းဖောက်လုပ်နိုင်ရန် လမ်းတံတားဦးစီးဌာနမှ သွားရောက်လေ့လာခဲ့ရာတွင် တံတား ၅ စင်းအထိ ထိုးရမယ့်ဖြစ်သောကြောင့် ကျေးရွာတစ်ရွာအတွက် ဘတ်ဂျတ်ငွေများစွာမသုံးနိုင်၍ သစ်တုံးနား ကျေးရွာတွင် တည်ဆောက်ပေးနေသည့် စုစည်းကျေးရွာသို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။
သစ်တုံးနားကျေးရွာအုပ်စု ခုံတိုင်ရွာတွင် မန္တလေးတိုင်းအစိုးရမှ ကူညီပေးသည့်နေအိမ်များတွင် မိသားစု ၆၀ စုနှင့် ဧရာဝတီတိုင်းမှကူညီပေးသည့်နေအိမ်များတွင် အိမ်ထောင်စု ၄၄ စုနေထိုင်လျက်ရှိပြီး အခြား အိမ်ထောင်စု ၂၈ စုနှင့် ဘင်္ဂလားဒေ့ရှ်မှခိုလှုံလာသည့် အိမ်ထောင်စု ၃၆ စုလည်း နေထိုင်လျက်ရှိရာ စုစုပေါင်းလူဦးရေ ၈၈၁ ဦးနေထိုင်လျက်ရှိသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်လည်း မောင်တောမြို့နယ် အထက်ပြူးမကျေးရွာမှ လူဦးရေ ၅၆ ဦးမှာ လုံခြုံရေးအခြေအနေစိုးရိမ်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး ရွာလုံးကျွတ် မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိကြောင်း သိရသည်။







