မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ယနေ့ဖေဖော်ဝါရီလ ၁၀ ရက် နေ့လည် ၂ နာရီခန့်က ကျောက်တော်မြို့နယ် ချောင်းဒူကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားမှုများကြောင့် ကျေးရွာသားများမှ ရွာမှ ထွက်ပြေးနေကြကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုတွင် လက်နက်ကြီးပစ်သံများကြားရ၍ ရွာအတွင်းသို့ လက်နက်ကြီးကျရောက်မည်ကို စိုးသောကြောင့် ရွာမှထွက်ပြေးလာခြင်းဖြစ်ကြောင်း ချောင်းဒူကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“၂ နာရီလောက်က ပေါက်သံကြားတယ်။ မီးခိုတွေထွက်တာ မြင်နေရတယ်။ နောက်ပြီး လက်နက်ကြီး ပစ်သံတွေကြားရတော့ ရွာထဲကိုကျလာမှာကိုစိုးရိမ်ပြီး ရွာပြင်ကားလမ်းကို တစ်ရွာလုံးထွက်ပြေးလာတယ်။ ကြောက်လန့်ပြီးလွတ်ရာကို ထွက်ပြေးလာကြတာ ” ဟု အမည်မဖော်လိုသည့် ချောင်းဒူကျေးရွာသား တစ်ဦးက ပြောသည်။
ချောင်းဒူကျေးရွာမှ ထွက်ပြေးလာသူများမှာ လူဦးရေ ၁၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းပြောဆိုပြီး ကျေးရွာ အတွင်းတွင် လူအို၊ လူနာများသာကျန်ခဲ့ကြောင်း ၎င်းကျေးရွားသားက ပြောသည်။
တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် ချောင်းဒူကျေးရွာသားများထဲမှ လူဦးရေ ၂၁၇ ဦးမှာ ယနေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာသို့ ထွက်ပြေးခိုလှုံလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များတွင် အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်ကြောင်းနှင့် လက်ရှိတွင် ယိုးတရုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံလျက်ရှိကြောင်း ထွက်ပြေးလာသူတစ်ဦး ဖြစ်သည့် ဒေါ်နီနီချေက ပြောသည်။
၎င်းစစ်ဘေးရှောင်များအတွက် လတ်တလော အစားအသောက်နှင့် အဝတ်အထည်များ အကူအညီ လိုအပ်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများဆက်တိုက် ဖြစ်ပေါ် နေမှုကြောင့် ဒေသခံပြည်သူ ၅၅၀၀ ဦးခန့်မှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ ကျေးရွာများတွင်လည်း လူဦးရေ ၂၀၀၀ ခန့် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး၏ စာရင်းအရသိရသည်။







