ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ကျောင်းသား/သူများအနေဖြင့် မသမာသောနည်းလမ်းကို အသုံးပြုကာ စာမေးပွဲဖြေဆိုခြင်းများ ပပျောက်စေရန်အတွက် “မသမာမှုကင်းရှင်းရေး”ကို နှစ်စဉ်အလေးထား ဆောင်ရွက်နေသော်လည်း လုံးဝကင်းရှင်းသည့် အနေအထားသို့ မရောက်သေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
“မနှစ်ကလည်း မသမှုကင်းရှင်းသင့်သလောက် ကင်းရှင်းတာပေါ့နော်။ လုံးဝကို မကင်းသေးတဲ့အတွက် ဒီနှစ်မှာလည်း လုပ်မှာပါ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးစောထွန်းလှက ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း မသမာမှုကင်းရှင်းရေးကို ယခင်နှစ်များထက် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မသမာမှုများ မပြုလုပ်ရန်အတွက် ပြည်နယ်ပညာရေးမှူးကိုယ်တိုင် မြို့နယ်အလိုက် ကျောင်းသားမိဘများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများကို တွေ့ဆုံပြီး အသိပေးထားကြောင်းလည်း သိရသည်။
“မသမှုကျူးလွန်ရင်တော့ ထုတ်ပယ်မှာပါ။ စည်းကမ်းနည်းလမ်းအတိုင်းပဲပေါ့။ မြန်မာနိုင်ငံစာစစ်ဌာနက ညွန့်ကြားတဲ့အတိုင်းပါပဲ။ ဒီနှစ်လည်း ထပ်ပြီး လုပ်မှာပေါ့။ ကြပ်မက်ပြီး လုပ်ထားတာတွေရှိတယ်” ဟု ဦးစောထွန်းလှက ပြောသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ စုစုပေါင်း ၄၅၂၉၂ ဦးရေအား စာစစ်ဌာန ၁၂၂ ခုတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။







