ကျောက်ဖြူမြို့နယ်အတွင်း ကုန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက လူသတ်မှု ၁၈ မှုအထိ ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ မှုခင်းဖြစ်ပွားမှု များလာခြင်းမှာ လုံခြုံရေးအားနည်းချက်ကြောင့်ဟု ပြည်သူများက ဝေဖန်ပြောဆိုကြသည်။
၂၀၁၈ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်တွင် လူသတ်မှု ၁၈ မှု၊ မုဒိမ်းမှု ၆ မှု၊ လုယက်မှု ၁ မှု စုစုပေါင်း ၂၅ မှု အထိ ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“အခုဆိုရင် ရက်ဆက်ရက်ဆက် ဓားထိုးမှုတွေ၊ လုယက်မှုတွေရှိတယ်၊ လိမ်လည်မှုတွေလည်းရှိတယ်။ ဒါပေမယ့် အမှုတွေက စခန်းတို့ဘာတို့မရောက်အောင် သူတို့နည်း၊ သူတို့ဟန်တွေနဲ့ ဖြေရှင်းကြတာပေါ့။ လုပ်တဲ့လူကိုကြောက်လို့ တစ်ချို့ဆိုရင် မတိုင်ရဲတာတို့ ဘာတို့လည်းရှိတယ်” ဟု အလယ်ပိုင်း အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ဆိုသည်။
ယခင်က ကျောက်ဖြူမြို့နယ်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ရဲတပ်ဖွဲ့၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်ခဲ့ပြီး ယခု ထိုသု့ိလုပ်ဆောင်မှုများ မရှိခြင်းကြောင့် တရားဥပဒေ ကင်းမဲ့သကဲ့သို့ ဖြစ်နေကြောင်း ဦးကျော်ဝင်းက ပြောသည်။
ယခုကဲ့သို့ လူသတ်မှုများ လျော့နည်းကျဆင်းအောင် အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်းနှင့် မှုခင်းများ လျော့နည်းကျဆင်းအောင် လုံခြုံရေးဆောင်ရွက်နေကြောင်း ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့က ဆိုသည်။
“ဒီနှစ်ကတော့ လူသတ်မှုကျဆင်းအောင် သက်ဆိုင်ရာရဲကင်း၊ ရဲစခန်းမှူးတွေကိုလည်း မှုခင်းအသိပညာပေးတာတို့၊ ယစ်မျိုးမှုတွေ ပိုမိုဖမ်းဆီးဖို့ စီမံထားရှိပါတယ်”ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်က ပြောသည်။
ယင်းအပြင် ညဉ့်လှည့်ကင်းများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
၂၀၁၇ ခုနှစ်တွင် ကျောက်ဖြူမြို့နယ်၌ လူသတ်မှု ၆ မှု၊ မုဒိမ်းမှု ၇ မှု၊ မတရားအသင်းဆက်သွယ်မှု ၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းတွင် မှုခင်းဖြစ်ပွားမှု ၁၁ မှုအထိ တိုးလာခဲ့ခြင်းဖြစ်သည်။







