ကချင် စစ်ရှောင်၊ မြစ်ဆုံ အရေး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အသင်းတော်များ တွေ့ဆုံ

ကချင် စစ်ရှောင်၊ မြစ်ဆုံ အရေး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အသင်းတော်များ တွေ့ဆုံ

စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး၊ မြစ်ဆုံစီမံကိန်း အကြောင်းတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဓိက ကချင်ခရစ်ယာန်အသင်း နှစ်ပါး ခေါင်းဆောင်းများ ယနေ့မနက် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

စစ်ပြေးဒုက္ခသည်စခန်းများတွင် ၇ နှစ်ကျော်ခိုလှုံခဲ့ပြီးသော စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၂ ဖက်တပ်ဖွဲ့အပြင် အဖွဲ့အစည်းပေါင်းစုံ ဆွေးနွေးပြီးမှသာ လုပ်ဆောင်သင့်ကြောင်း တင်ပြခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေအတွင်းရေးမှူး Rev. Hpauyawng Tu Mai က ယခုလို ကချင်သတင်းဌာန KNG ပြောပါသည်။

“၂၀၁၃ မှာ သဘောတူထားတဲ့ စစ်ရှောင်ပြန်လည်နေရာချထားရေး Pilot Project နေရာ ၄ ခုရှိတယ်။ သူတို့နေရပ်ပြန်တဲ့အခါ မိုင်းရှင်းမယ်။ အိမ်ဆောက်ပေးမယ်။ ကျန်းမာရေး၊ ပညာရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကြောင်းအတွက် ပြင်ဆင်ပေးမယ်လို့ သဘောတူထားတာ ရှိတယ်။ ဒါပေမယ့် စစ်တပ်ကတော့ အဲဒီ ၄ ရွာအရင် မဟုတ်ဘဲ အားလုံး တစ်ခါတည်းပြန်ဖို့ အလွယ်တကူပြောလာတယ်။ ဘာပဲ ဖြစ်ဖြစ် ၂ ဖက်တပ်ဖွဲ့ အာမခံတဲ့ အခြေအနေမှာ ပြန်မှ ပိုအဆင်ပြေမယ်။ ဒါမှမဟုတ်ရင် ပြန်လိုက် တိုက်ပွဲဖြစ်ရင် ပြန်ပြေးလိုက် အတွေ့အကြုံတွေရှိခဲ့ပါတယ်။ နမ်ဆန်ယန်ကျေးရွာ လိုမျိုး သူတို့ဘာသာ ဦးဆောင်ပြီး ပြန်တာမျိုး မဖြစ်စေချင်ဘူးလို့လည်း တင်ပြပါတယ်။ ပြန်ဖို့ဆိုရင်တပ်တော်၊ KIA၊ ကူညီရေးအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့ စစ်ရှောင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်မှ သာ သူတို့ အတွက်ကောင်းမယ်။” ဟုပြောပါသည်။

ထို့အပြင် မြစ်ဆုံရေကာစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းသင့်ကြောင်း တပ်မတော်ခေါင်းဆောင်များကို ကတ်သလစ်အသင်းတော်ဘက်မှ ယနေ့ မနက်တင်ပြခဲ့သည်ဟု သိရပါသည်။

ထိုတင်ပြချက်အပေါ် “မြစ်ဆုံကတော့ လူထုကန့်ကွက်တဲ့အတိုင်း ဖြစ်ရမယ်လို့ သူကပြောတယ်။ လျှပ်စစ်မီးရဖို့ လုပ်ရမှာဖြစ်ပေမယ့် လူထုသဘောအတိုင်း လိုက်မယ်လို့ ပြောခဲ့တယ်” ဟု ပြောဆိုခဲ့ကြောင်း Rev. Tu Mai မှ သိရပါသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ပြောဆိုသည်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို NCA မြန်မြန်လက်မှတ်ထိုးစေလိုကြောင်း ပြောဆိုသည်ဟု သိရပါသည်။

ယနေ့မနက် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး Rev. Hpauyawng Tu Mai က သူ၏ အမြင်ကိုယခုလို ထပ်မံ ပြောပါသည်။

"တပ်မတော်ဘက်ကတော့ အခုကျွန်တော်တို့ KBC၊ RC အသင်းတော်တွေနဲ့ ပုံမှန်ဆက်သွယ်ပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေး တိုင်ပင်လုပ်ဆောင်သွားလိုတဲ့ အခြေအနေရှိနေပါတယ်။ အရင်ကတော့ တပ်မတော်နဲ့ ကျွန်တော်တို့ KBC က အဆက်အသွယ်သိပ်မရှိဘူး။ အခုတော့ ပုံမှန်ဆက်သွယ်ပြီး စစ်ရှောင်နေရပ်ပြန်စေဖို့ လိုလားကြောင်း ပြောပါတယ်” ဟု ပြောခဲ့သည်။

ယနေ့ မနက် ၇ နာရီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မလိခ ရိပ်သာတွင် ၁ နာရီခန့်မျှတွေ့ဆုံခဲ့ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဆရာတော် ၄ ပါး နှင့် ကတ်သလစ်အသင်းတော်မှ ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန် နှင့်တကွ ၄ ပါး တို့ဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...