ပလက်ဝနှင့်တီးတိန်ကို ခရိုင်အဆင့်တိုးပေးရန် ရည်မှန်းထားဟု လွှတ်တော်ဥက္ကဌပြော

ပလက်ဝနှင့်တီးတိန်ကို ခရိုင်အဆင့်တိုးပေးရန် ရည်မှန်းထားဟု လွှတ်တော်ဥက္ကဌပြော

ချင်းပြည်နယ်၊ ပလက်ဝနှင့်တီးတိန်မြို့နယ်တို့ကို ခရိုင်အဆင့်တိုးပေးရန် ယခုအစိုးရသက်တမ်းအတွင်း ရည်မှန်းချက်ထားရှိကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်တို့သက်တမ်းမှာ ပလက်ဝလည်းခရိုင်ရပါစေ တီးတိန်လည်းရပါစေ ဆိုပြီးတော့ ကျွန်တော်တို့ ရည်မှန်းချက်ကရှိတယ် တောင်ပိုင်းမှာခရိုင် (၃) ခု၊ မြောက်ပိုင်းမှာ ခရိုင်(၃) ခု စုစုပေါင်းခရိုင် (၆) ခုဆိုရင်တော့ ကျွန်တော်တို့ဖွံ့ဖြိုးမှုလည်း ပိုပြီးတော့တိုးတက်မယ် ပြီးတော့ မြို့တွေလည်းတိုးချဲ့လာပြီး အဲဒါမှပဲဖွံ့ဖြိုးမှုလည်းတိုးတက်မယ်” ဟု လွှတ်တော်ဥက္ကဌကပြောသည်။

ပလက်ဝခရိုင်ရရှိရေးနှင့်ပတ်သက်၍ ခူမီး(ခမီး) အမျိူးသားပါတီက ချင်းပြည်နယ်အစိုးရဝန်ကြီးချူပ်နှင့် လွှတ်တော်ဥက္ကဌထံသို့လိပ်မူကာ ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်မှ မခွဲထွက်စေလိုပါက ခရိုင်ပေးသင့်ပြီး ဥပေက္ခာမပြုသင့်တော့ကြောင်း ဇန်နဝါရီလ (၂၈) ရက်နေ့က အိပ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

“ပလက်ဝကလေ အိန္ဒိယကလာဆောက်ထားတဲ့ သင်္ဘောဆိပ်ခံကပြီးပြီလမ်းလည်း (၆၈) မိုင် နိုင်လွန်ကတ္တရာနဲ့လုပ်နေတယ်၊ အဲဒါပြီးပြတ်ရင်တော့ နိုင်ငံခြားပို့ကုန်သွင်းကုန်တွေ ပလက်ဝမှာလုပ်မယ်ဆိုရင် အဲဒါက မြို့နယ်ကကိုင်လို့မရဘူး၊ ခရိုင်ကပဲကိုင်လို့ရတယ်၊ အဲဒီချိန်ကျရင် ပလက်ဝက သူဟာသူ ခရိုင်ဖြစ်လာမှာပါ’’ ဟု လွှတ်တော်ဥက္ကဌကပြောသည်။

အလားတူ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီကလည်း တီးတိန်နှင့် တွန်းဇံြမို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေရေး ကူညီဆောင်ရွက်ပေးရန် ဇန်နဝါရီလ (၂၁) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြခဲ့ကြသည်။

ယခုလက်ရှိချင်းပြည်နယ်ကို ခရိုင် (၄) ခုဖြင့်ဖွဲ့စည်းထားပြီး ယင်းတို့မှာ ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ မတူပီ ခရိုင်တို့ဖြစ်သည်။

မတူပီခရိုင်ရရှိသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက်မည့်မြေနေရာ အငြင်းပွားမှုဖြစ်ပွားနေသည့်အတွက် ယနေ့ချိန်ထိ ခရိုင်ရုံး မတည်ဆောက်နိုင်ကြသေးပေ။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...