မီဒီယာသို့ တပ်မတော်အကြောင်း အပျက်သဘောမပြောရန် စစ်ဘေးရှောင်ပြည်သူများကို ပလက်ဝမြို့နယ်အာဏာပိုင်များမှ သတိပေးခဲ့သလား

မီဒီယာသို့ တပ်မတော်အကြောင်း အပျက်သဘောမပြောရန် စစ်ဘေးရှောင်ပြည်သူများကို ပလက်ဝမြို့နယ်အာဏာပိုင်များမှ သတိပေးခဲ့သလား

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ တပ်မတော်အကြောင်း အပျက်သဘော ပြောဆိုခြင်းမပြုရန် စစ်ဘေးရှောင်ပြည်သူများကို ပလက်ဝမြို့နယ်အာဏာပိုင်များက သတိပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၂) ရက်နေ့က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကမ်းနားရှိ ဒလက်မေဒေသတွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားကာ ယင်းဖြစ်စဉ်ကြောင့် ရွာသားများသည် ပလက်ဝမြို့ဘက်သို့ထွက်ပြေးလာကြသည်ဟု သိရသည်။

ပလက်ဝမြို့သို့ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူအချိူ့ကို ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်မှ သွားရောက်တွေ့ဆုံစဉ်တွင် တပ်မတော်နှင့်ပတ်သက်၍ မီဒီယာများသို့ အပျက်သဘောမပြောဆိုရန် သတိပေးပြောဆိုခဲ့ကြောင်း အဆိုပါစစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကိုးအောင်ကတော့ စစ်ဘေးရှောင်ပြည်သူများကို ထို့ကဲ့သို့ သတိပေးပြောဆိုခြင်းမရှိကြောင်း ခိုနူမ်းသုန်မီဒီယာအဖွဲ့သို့ပြောသည်။

“ကျနော်တို့ အဲလိုမျိူးပြောလည်းမပြောပါဘူး၊ ပြောဖို့ အထက်ကနေ ညွှန်ကြားတာလည်းမရှိပါဘူး’’ ဟု ဦးကိုးအောင်ကပြောသည်။

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ကိုကျော်အောင်ကတော့ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများအား ယင်းကဲ့သို့ တားမြစ်ပိတ်ပင်ခြင်းမရှိကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များထံ အုပ်ချူပ်ရေးမှူးအဖွဲ့ဘက်မှ ထို့ကဲ့သို့ အမှန်တကယ် သတိပေးပြောဆိုမှု ရှိ/မရှိကိုမူ မသိရှိကြောင်း ပြောဆိုပါသည်။

ပလက်ဝမြို့သို့ စစ်ဘေးရှောင်ရောက်ရှိလာကြသူအများစုသည် မိမိတို့၏ဒေသများသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အချိန်မရွေး ပလက်ဝမြို့သို့ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု သိရသည်။

တပ်မတော်နှင့် AA တပ်ဖွဲ့တို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် (၅) မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီ (၂၆) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင်လည်း ပလက်ဝမြို့၏မြောက်ဘက် မိုင် (၅၀) အကွာရှိ ခွန်ဝါရွာနှင့် ပကာဝရွာများအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ မည်မျှရှိသည်ကိုမူ အတိအကျမသိနိုင်သော်လည်း ကုလားတန်မြစ်ကမ်းတစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်း (၄) ခုတွင် စစ်ဘေးရှောင်ပြည်သူ (၆၀၀) ကျော်ခန့် ရှိသေးသည်ဟုသိရသည်။ တဖက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်လည်း ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံသည့် ရခိုင်ဒုက္ခသည်ပေါင်း (၃၀၀) ကျော်ရှိကြောင်းလည်းသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...