အမ်း-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၉/၄ တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ညနေ့ ၈ နာရီခွဲခန့်က မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်တိုင်အမှတ် ၁၉/၄ မှ တပ်မတော်စစ်ကားများ ဖြတ်သွားပြီးနောက်တွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။
“စစ်ကား ၅ စီးဖြတ်ပြီးသွားပြီးတော့ ၁၅ မိနစ်အကြာမှာ ဗုံးတစ်လုံးပေါက်ကွဲပါတယ်။ နောက်နှစ်လုံးကွဲတယ် ” ဟု ဦးကိုကိုမြတ်က ဆိုသည်။
အဆိုပါ မိုင်းသုံးလုံးပေါက်ကွဲပြီးနောက်တွင် သေနတ်ပစ်ခတ်သံများကြားရ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။ ၎င်းသေနတ်သံများမှာ တပ်မတော်မှ နယ်မြေရှင်းလင်း ပစ်ခတ်ခြင်းသာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
“တပ်ကရှင်းလင်းတာပါ။ နယ်မြေရှင်းလင်းတဲ့အခါမှာတော့ လက်နက်နဲ့ပစ်ပြီး ရှင်းတယ်လို့ထင်ပါတယ်။ ကျေးရွာတွေနဲ့လည်း ဝေးပါတယ်ဗျာ။ လက်နက်သံကလည်း ဘယ်လောက်မှမကြာပါဘူး ၁၀ ချက်လောက်ပဲ အသံကြားတယ်လို့ပြောတယ်” ဟု ဦးကိုကိုမြတ်က ဆိုသည်။
ယမနေ့က အမ်းမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်းမှစတင်ကာ ယာဉ်များ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။







