မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ဝ.၉၇၆ သန်း တင်ပို့နိုင်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာအတွင်းက မောင်တာနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ဝ.၆၅၄ သန်း ကုန်သွယ်မှုပြုနိုင်ခဲ့ရာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပို့ကုန်မြင့်လာသည့် အခြေအနေဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ဆိုသည်။
“ပို့ကုန်က တင်ပို့မှုမြင့်တက်လာတယ်၊ သွင်းကုန်ကျတော နည်းနည်းကျနေတာတွေ့ရတယ်” ဟု ဦးသာထွန်းစိန်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်မှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ တင်သွင်းခဲ့သည့် သွင်းကုန်တန်ဖိုးမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဒေါ်လာ ဝ.၁၀ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း သွင်းတန်တန်ဖိုး ဒေါ်လာ ဝ.၀၀၈ သန်း ရှိခဲ့ကြောင်း သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုများထဲတွင် လယ်ယာထွက်ကုန် အနေဖြင့် ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဂျင်း (အစို)၊ မကျဉ်းသီး(အစေ့)၊ ဒညင်းသီး၊ ချင်း၊ နနွင်း၊ မြေပဲ(အခွံပါ)၊ ဇီးသီးခြောက်၊ ကွမ်းသီးတို့ဖြစ်သည်။
ရေထွက်ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးပခြားခြောက်၊ ငါးလေးခြောက်၊ သစ်တောထွက်ကုန်များမှာ ဝါးကြီး၊ ဝါးသေးနှင့် စက်မှုကုန်ချောထုတ်ကုန်မှာ ဇီးယိုထုတ်၊ ကွေကာ၊ ကော်ဖီမစ်၊ ဝက်ခြံပျောက်ခရင်၊ သနပ်ခါးခဲ စသည့်ပို့ကုန်များ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ သွင်းကုန်များထဲတွင် အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်နှင့် ပလက်စတစ်ပစ္စည်းများ တင်သွင်းကြောင်း သိရသည်။







