ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် ရေပုတ်ကျေးရွာကြားတွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ ရက် နံနက် ၉ နာရီခန့်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လက်နက်ကြီးသံများ၊ ပေါက်ကွဲသံများကို ကြားနေ ရပြီး တိုက်ပွဲကြောင့်ရွာသားများ ထိခိုက်မှုရှိမည်ကိုစိုးရိမ်နေရကြောင်း ရေပုတ်ကျေးရွာမှ ဦးရွှေသာထွန်းက ဆိုသည်။
“တိုက်ပွဲဖြစ်သံကိုကြားတော့ စိုးရိမ်တာပေါ့။ ခဲယမ်းလက်နက်တွေ ရွာထဲ ကျလာမှာကို ကြောက်တယ်။ တစ်ရွာလုံးကတော့ ဘယ်ကိုမှမသွားရဲကြဘဲ အိမ်မှာပုန်းနေကြတယ်” ဟု ဦးရွှေသာထွန်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျောက်တန်းကျေးရွာသားများမှာလည်း ဗုံးခိုကျင်းများတွင် ဝင်ရောက်ပုန်းခို နေကြကြောင်း ကျောက်တန်းကျေးရွာသား ဦးဇော်မင်းနိုင်က ပြောသည်။
“ရွာအနီးမှာ တိုက်ပွဲသံ၊ လက်နက်ကြီးသံတွေကိုကြားနေရတဲ့အတွက် ကျနော်တို့စိုးရိမ်နေကြပါတယ်။ တစ်ချို့ဆိုရင် ဗုံးခိုကျင်းတွေကို ဝင်နေကြပါတယ်။ သမီးလှဖြစ်စဉ်လို ဖြစ်မှာစိုးရိမ်တယ်” ဟု ဦးဇော်မင်းနိုင်က ဆိုသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့သည့် သမီးလှကျေးရွာအနီးတိုက်ပွဲတွင်လည်း ကျေးရွာအတွင်းသို့ လက်နက်ကျည်ဆံများကျရောက်မှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦးအထိရှိခဲ့ပြီး ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး မှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ သေဆုံးခဲ့ရသည်။







