Nam San Yang စစ်ရှောင် အိမ်ထောင်စု ၁၇ စုကို အစိုးရ တရားဝင်လိုက်ပို့

Nam San Yang စစ်ရှောင် အိမ်ထောင်စု ၁၇ စုကို အစိုးရ တရားဝင်လိုက်ပို့
ကချင်ပြည်နယ် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ နမ်ဆန်ယန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၉
ကချင်ပြည်နယ် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ နမ်ဆန်ယန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၉

စစ်ရှောင်နေရပ်ပြန်နိုင်ရေး ကချင်ပြည်နယ်အစိုးရထံ စာရင်းတင်ထားသော ဝိုင်းမော် နှင့် မြစ်ကြီးနားရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၁၇ စုကို အစိုးရအစီစဉ်ဖြင့် ဇန်နဝါရီ ၃၀ ရက်နေ့ Nam San Yang (နမ်ဆန်ယန်) ကျေးရွာသို့ လိုက်ပို့ခဲ့သည်ဟု သိရပါသည်။

အဆိုပါ အိမ်ထောင်စု ၁၇ စုမှ စုစုပေါင်း လူဦးရေ ၁၀၅ သည် နေရပ်ပြန်နိုင်ရေး လွန်ခဲ့သည့် နိုဝင်ဘာလ ကတည်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် အစိုးရအဖွဲ့ထံ စာတင်ခဲ့ပြီးနောက် ယခုလို ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး နှင့် ဝိုင်းမော်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပို့ခဲ့ခြင်းဖြစ်ပါသည်။

နေရပ်ပြန် စစ်ရှောင်မိသားစု ၁၇ စု နှင့်ပတ်သက်ပြီး ကျေးရွာတွင်း လုံခြုံရေးအခြေအနေများကို တပ်မ ၁၀၁ မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးစိုးကျော်ထက် ယခုလို ပြောပါသည်။

“အခုကျေးရွာမှာ ကျနော်တို့ တပ်မတော်သားတွေနဲ့ ရပ်မိရပ်ဖတို့ပူးပေါင်းပြီး နေထိုင်မယ့် အိမ်ထောင်ဦးစီးအမည် သူနေထိုင်မယ့် အိမ်ပတ်ဝန်းကျင် ဝင်လမ်းထွက်လမ်း စသဖြင့် အိမ်တစ်အိမ်မှာ ဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ကျနော်တို့ တပ်မတော်ကတော့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ မိုင်းရှင်းလင်းရာမှာ ပထမတစ်ကြိမ် ၅ လုံးတွေ့ရှိခဲ့ပြီး နောက်တစ်ကျော့်မှာတော့ ၁ လုံး ထပ်တွေ့ပါတယ်။ အခုတော့ အဲဒါတွေ ရှင်းလိုက်ပါပြီ” ဗိုလ်မှူးကြီးစိုးကျော်ထက်က ဆိုသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူကယ်ပြန်တာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်း နှင့် လူဝင်မှုကြီးကြပ်ရေးစသဖြင့် ဌာနဆိုင်ရာမှ လာရောက်ခဲ့ကြောင်း သိရပါသည်။

နေရပ်ပြန်မည့်ပြည်သူများတွင် နေအိမ်အသင့်ရှိသူများ နှင့် နေအိမ် မီးလောင်ပျက်စီးသွားသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းပေးနေသူ Slg. Hpaula Gam Hpang (ဦးဖော်လားဂမ်ဖန်) ယခုလို ပြောပါသည်။

“မီးလောင် ပြာကျသွားတဲ့နေအိမ်တွေအတွက်လည်း သက်ဆိုင်ရာအစိုးရနဲ့တပ်မတော်ဘက်က ဒါကို အိမ်လေးတွေ ပြန်ဆောက်ပေးမယ်လို့ ပြီးခဲ့တဲ့ တစ်ခေါက်ဆွေးနွေးပွဲတုန်းက လုံနယ်ဝန်ကြီးကိုယ်တိုင် တင်ပြဆွေးနွေးသွားတာ ကြားရပါတယ်။ အခုတစ်ခါတည်းတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဖြည်းဖြည်းချင်းတော့ လုပ်ပေးမယ်ထင်တယ်။”

နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်တွင် စစ်ဖြစ်လာသောကြောင့် ရွာသားများ ထွက်ပြေးစွန့်ခွာခဲ့သော ရွာဖြစ်ပါသည်။ စစ်မဖြစ်ခင် အိမ်ခြေ ၂၀၀၀ ခန့်ရှိသော နေရာဒေသဖြစ်သည်ဟု သိရပြီး ယခု ပထမဆုံးအကြိမ် အိမ်ထောင်စု ၁၇ စု ပြန်လာခြင်း ဖြစ်ပါသည်။

ထို့အပြင် လာမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင်လည်း အိမ်ထောင်စု ၃၀ ခန့် ထပ်မံ ပြန်လာနိုင်ရန် စားရင်းတင်ပြထားသည်ဟု သိရပါသည်။

“ကျနော်ထင်တယ် ပြည်နယ်အဆင့်လောက်နဲ့တော့ ဒီကိစ္စ ဖြစ်လာမယ်ဖို့က အခက်အခဲရှိပါတယ်။ ပြည်ထောင်စုအဆင့် ဆင့်ကဲတင်ပြပြီးမှ ဖြစ်သွားတဲ့ အစီစဉ်လေးဖြစ်ပါတယ်။ ကျနော်က ပြည်နယ်အဆင့်ကို တင်ပြတယ်။ သို့ပေမယ့် ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုကို ဆိုင်ရာ တင်ပြပေးမှာ ဖြစ်ပါတယ်။” ဟုစစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ကြိုးစားပေးနေသူ Slg. Hpaula Gam Hpang (ဦးဖော်လားဂမ်ဖန်) ပြောပါသည်။

Nam San Yang ကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့် နီးစပ်သော ကျေးရွာဖြစ်ကာ တိုက်ပွဲ နယ်မြေလည်း ဖြစ်ပါသည်။

ယခုနေရပ်ပြန်နိုင်ရန် ဆုံးဖြတ်သူအများစုမှာ ၂၀၁၈ စက်တင်ဘာလ အစိုးရပြင်ဆင်ပြဌာန်းသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကြောင့် မိမိတို့ မြေယာပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေး စိုးရိမ်သောကြောင့် ပြန်လာသူများ ရှိနေပါသည်။

သို့သော်လည်း မိုင်းနား AG စစ်ရှောင်စန်းမှ Jan. Dashi Tawm (ဒေါ်ဒရှီတောမ်) ကတော့ ယခုလိုနေရပ်ပြန်နိုင်သည့်အပေါ် ဝမ်းသာကြောင်း ပြောဆိုပါသည်။

“တိုက်ပွဲကြောင့် ထားသွားခဲ့တာ အခု ၇ နှစ်ကျမှ ပြန်လာနေထိုင်တဲ့အတွက် အရမ်းပျော်တယ်။ စစ်ရှောင်စခန်းမှာတုန်းက နေရာကျဉ်းကျဉ်းလေးမှာဘဲ နေခဲ့ရတယ်။ အခု ကိုယ့်ရွာကို ပြန်လာရတယ်ဆိုတော့ ပျော်တယ်။ အရင်လို စည်းကား ပျော်ရွင်တဲ့ မြို့ပြန်ဖြစ်လာပါစေ။” ဟု ပြောသည်။

ကျေးရွာတွင်း မိုင်းရှင်းလင်းမှုပြုလုပ်ခဲ့သော်လည်း အဓိကအားဖြင့် အိမ်ထောင်စု ၁၇ စု၏ ဆိုင်ရာနေရာများတွင်သာ ရှင်းလင်းထားသည်ဟု သိရပါသည်။ ယခု အိမ်ထောင်စု ၁၇ စုတွင် အများစုမှာ ကားလမ်းမ၏ အရှေ့ဘက်ခြမ်းတွင် ရှိပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...