ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီးတိုက်ပွဲအတွင်း ကျည်စထိမှန်ပြီးသေဆုံးခဲ့သည့် အသက် ၇ နှစ် အရွယ်ကလေးငယ်အား ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်က သမီးလှကျေးရွာ သချႋုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါကျေးရွာအနီး၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် မောင်နိုင်စိုး၏ ဦးခေါင်း၌ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ စစ်တွေဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ယူဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သေဆုံးသွားသည့်ကလေးငယ်၏ အလောင်းအား ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာသို့ ယူဆောင်ကာ သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။
ကျည်စထိမှန်သေဆုံးခဲ့သည့် မောင်နိုင်စိုးအား ယနေ့သဂြိုလ်ရာတွင် ရသေ့တောင်မြို့နယ်အတွင်း လူပေါင်းအမြောက်အများ လာရောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုများအား မလိုလားကြောင်း သမီးလှကျေးရွာမှ ကိုလင်းဇော်က ပြောသည်။
“သူတို့ချင်း တိုက်ပွဲဖြစ်ရင်လည်း ရပ်ရွာတွေကို ဒီလိုဒုက္ခ မပေးဖို့တောင်းဆိုချင်ပါတယ်။ ရွာတွေနဲ့ အနီးမှာ ဖြစ်တယ်ဆိုတော့ ရွာသားတွေကိုလည်း မသင်္ကာဖြစ်တယ်ဆိုတော့ အရမ်းစိုးရိမ်ရပါတယ်။ တိုက်ပွဲတွေ ဆက်မဖြစ်စေချင်ပါ ’’ ဟု ကိုလင်းဇော်က ဆိုသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့သည့် သမီးလှကျေးရွာအနီးတိုက်ပွဲအတွင်း ၎င်းကျေးရွာအတွင်းသို့ လက်နက်ကျည်ဆံများကျရောက်မှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦးနှင့် ယခုကလေးငယ် ၁ ဦး သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။







